Wednesday, December 15, 2010

Window 7 မှာ မြန်မာလိုဘယ်လိုရေးမလဲ

အားနေလို့ ဘလော့ပြန်ရေးပါတော့မယ်။

့အစက Window 7 မှာ မြန်မာလိုရေးလို့မရဖြစ်နေလို့ ပြန်ရေးလို့ရအောင် ကြိုးစားယူလိုက်ရပါတယ်။

တခြားရေးလို့မရတဲ့သူတွေ ရေးချင်တယ်ဆိုရင် ပထမဆုံး Zawgyi Font ကို ဒေါင်းလုပ်လုပ်လိုက်ပါ။
ပြီးရင် အောက်ကလင့်ခ်က ဖိုင်ကိုဒေါင်းလုပ် လုပ်ပြီး Setup.exe နဲ့ သွင်းလိုက်ပါ။

http://code.google.com/p/zawgyi-keyboard/downloads/detail?name=zawgyi-keyboard-layout-l.zip

ပြီးရင်တော့ Window 7 မှာ မြန်မာစာရေးလို့ရပါပြီ။

Monday, February 1, 2010

Top Ten - 1 Feb


အပတ်စဉ် တင်ပေးနေကျ Top 10 သီချင်းလေးတွေတင်ပေးလိုက်ပါတယ်။

ဒီအပတ်မှာတော့ Country သီချင်းတွေအဆိုများတဲ့ Taylor Swift ရဲ့ သီချင်းအသစ်ကလေးက အဆင့် နှစ်နေရာ ကို ရောက်လာပါတယ်။ ထို့အတူ Justin Bieber ရဲ့ သီချင်းသစ်ကလည်း နံပါတ် ၅ ကိုရောက်လာပါတယ်။

Taylor Swift ရဲ့ Today was a fairytale သီချင်းလေးကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Valentine Day ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း ဖြစ်ပါတယ်။ ထိုဇာတ်ကား မှာ Taylor Swift နဲ့ အတူ Twilight Saga ဇာတ်ကားတွေမှာ Jacob Black အဖြစ်သရုပ်ဆောင်တဲ့ Taylor Lautner တွဲဖက်သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်က အပြင်မှာပါ Dating လုပ်နေခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ Taylor Swift ဘက်ကနေပြီး ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

Gossip တွေ ပြောတာများသွားပြီ . . . Top Ten ကိုပြောပြဦးမှ . . .

ဖေဖော်ဝါရီလ အစမှာ ရပ်တည်နေတဲ့ ဒီတစ်ပတ်ရဲ့Top Ten ကတော့

1. Tik Tok
- Kesha

2. Today was a fairytale
- Taylor Swift

3. Bad Romance
- Lady GaGa

4. BedRock
- Young Money featuring Lloyd

5. Baby
- Justin Bieber featuring Ludacris

6. Replay
- Iyaz

7. Sexy Chick
- David Guetta featuring Akon

8. Empire State of Mind
- Jay-Z featuring Alicia Keys

9. Hard
- Rihanna featuring Jeezy

10. Hey, Soul Sister
- Train

ဒေါင်းလုပ် လုပ်ချင်ရင် သီချင်းလေးတွေကို နိပ်ပြီးဒေါင်းလုပ် လုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ် Top Ten ကို သိချင်ရင်တော့ ဒီကို သွားပါ . . .

Top Ten - 22 Jan

နေတိုက်ရှိန်း

မန်ယူခြေစွမ်းပြခဲ့သော - အာဆင်နယ် ၁-၃ မန်ယူ



ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဒ် ပွဲစဉ် ၂၄၊ အာဆင်နယ်အသင်းနှင့်မန်ယူအသင်းပွဲစဉ်တွင် မန်ယူအသင်းက ၃ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိသွားပါသည်။

ယခုပွဲစဉ်သည် နှစ်သင်းလုံးအတွက် အရေးပါသော ပွဲစဉ်ဖြစ်သည့်အတွက် နှစ်သင်းလုံး အကောင်းဆုံး Line-up ကိုရွေးချယ်ယှဉ်ပြိုင်သွားခဲ့သည်။

မန်ယူအသင်းတွင် ဂိုးသမား ဗန်ဒါးဆား၊ နောက်ခံလူ အီဗရာ၊ အီဗန်၊ ဘရောင်း နှင့် ရာဖေးလ် ဒါဆေးဗားတို့ကစားခဲ့ပြီး အလယ်တန်းတွင် စခိုးစ်၊ ကာရစ်၊ ဖလက်ချာတို့ ပါဝင်ခဲ့သည်။ ကစားကွက်အပြောင်းအလဲအနေဖြင့် ရွန်နီကို အထောင်တိုက်စစ်မှုးထားကာ တောင်ပံကစားသမားအဖြစ် ပတ်ဂျီဆန်နှင့် ယခင်ပွဲစဉ်များက ခြေစွမ်းပြခဲ့သော နာနီတို့ကို ကစားစေခဲ့သည်။

အာဆင်နယ်အသင်းတွင်လည်း ဗာမီလန်၊ ဂါးလပ်စ်၊ ဖာဘရီဂတ်၊ နာစရီ၊ အာရှာဗင်၊ ရာဆစ်စကီး စသဖြင့် လူစုံခဲ့သည်။

အာဆင်နယ်အသင်း အိမ်ကွင်းဖြစ်သောကြောင့် မန်ယူအသင်းကို ပထမပိုင်းအစတွင်ပင် ဦးဆောင်ဂိုးရအောင်ကြိုးစားခဲ့သော်လည်း ဂိုးပေါက်လွဲချော်နေသောကြောင့် ဂိုးမရသကဲ့သို့ မန်ယူအသင်းမှ ရွန်နီ၊ နာနီတို့၏ ဂိုးသွင်းချက်များမှာ လွဲချော်နေခဲ့သည်။

ထို့နောက် ပထမပိုင်း ၃၃မိနစ်တွင် မန်ယူအသင်းမှ နာနီက နောက်ခံလူ သုံးဦးကို ကျော်ဖြတ်ကာ ဖြတ်တင်လိုက်သော ဘောလုံးကို အာဆင်နယ်ဂိုးသမား အယ်မူနီယာပုတ်ထုတ်ရာ ကိုယ့်ဂိုးထဲကိုယ်သွင်းမိသွားသောကြောင့် မန်ယူ အသင်းပထမဂိုး ရရှိခဲ့သည်။

ထို့နောက် ၃၇ မိနစ်တွင် နာနီက ဆွဲပြေးလာသောဘောလုံးကို ရွန်နီဆီသို့ မြေလှိမ့်ဘောချပေးလိုက်ပြီး ရွန်နီက အမှားမရှိ ကန်သွင်းယူသွားသောကြောင့် ပထမပိုင်းအပြီးတွင် မန်ယူအသင်းက ၂ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေသည်။

ဒုတိယပိုင်းပွဲစပြီး ၇မိနစ်အကြာတွင် ပတ်ဂျီဆန်က တစ်ဦးတည်းဆွဲပြေးပြီး ဂိုးသွင်းယူသဖြင့် မန်ယူအသင်းက ၃ဂိုးပြတ်ဦးဆောင်နေသည်။ ထို့နောက်တွင် အာဆင်နယ်အသင်း ခြေပဂိုးရရန်ဖိကစားခဲ့သော်လည်း မိနစ် ၈၀ တွင်မှ ဗာမီလန်၏ ကန်ချက်သည် နောက်ခံလူ အီဗန်နှင့်ထိကာ လမ်းကြောင်းပြောင်းသွားသဖြင့် ဂိုးသမား ဗန်ဒါးဆား မဖမ်းနိုင်ဘဲ အာဆင်နယ်အတွက် ခြေပဂိုးတစ်ဂိုးပြန်လည် ရရှိသွားသည်။ ဒုတိယပိုင်းတစ်လျှောက် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များစွာရသော်လည်း ဂိုးပေါက်လွဲချော်နေသောကြောင့် ပွဲအပြီးတွင် မန်ယူအသင်းက ၃ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိသွားပါသည်။

ယခုနိုင်ပွဲကြောင့် မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် တစ်မှတ်အကွာမှလိုက်ပြီး ဆက်လက်ဖိအားပေးနေဆဲဖြစ်ပြီး အာဆင်နယ်အသင်းမှာမူ မန်ယူအသင်း၏နောက် တတိယနေရာတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

မကြည့်လိုက်ရတဲ့သူတွေအတွက် ဟိုင်းလိုက်တင်ပေးလိုက်ပါတယ်။

Sunday, January 31, 2010

သြစတေးလျ အိုးပင်း အမျိုးသားပြိုင်ပွဲ ရော်ဂျာ ဖက်ဒရာ ဗိုလ်စွဲ


မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသော သြစတေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ ဖိုင်နယ်တွင် ရော်ဂျာ ဖက်ဒရာ က အန်ဒီ မာရေးကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ယနေ့ပြိုင်ပွဲတွင် ဖက်ဒရာ က မာရေးကို ၆-၃၊ ၆-၄ ဖြင့်ဦးဆောင်ခဲ့ပြီး နောက်ဆုံး ပွဲငယ်တွင်မူ Tie-Break အထိ ကစားခဲ့ရပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကာ ၁၃ မှတ် ၁၁ မှတ်ဖြင့် အနိုင်ရသောကြောင့် ၇-၆ ဖြင့် ပွဲသိမ်းအနိုင်ရရှိသွားပါတယ်။

ယခုတစ်ကြိမ် ဗိုလ်စွဲခြင်းသည် ကမ္ဘာ့အဆင့်တစ် ရော်ဂျာ ဖက်ဒရာအတွက် သြစတေးလျ အိုးပင်းကို စတုတ္ထ အကြိမ် ဗိုလ်စွဲသွားခြင်းဖြစ်ပြီး ကစားသမားသက်တမ်းတစ်လျှောက် ၁၇ကြိမ်မြောက် ဂရမ်းစလင်းပြိုင်ပွဲများတွင် ဗိုလ်စွဲခြင်းဖြစ်သည်။

ဂရမ်းစလင်းတင်းနစ်ပြိုင်ပွဲများတွင် ဗြိတိန်နိုင်ငံသားများ ဗိုလ်မစွဲသည်မှာ ၇၄ နှစ်ရှိခဲ့ပြီဖြစ်သောကြောင့် ဗြိတိန်နိုင်ငံသား ပြိုင်ဘက် အန်ဒီမာရေးအတွက်မူ မျှော်လင့်ချက်ကြီးများခဲ့သောကြောင့် ယခုရှုံးနိမ့်မှုမှာ စိတ်ထိခိုက်ဖွယ်ဖြစ်ခဲ့ရသည်။ အန်ဒီမာရေး အနေနှင့် ကမ္ဘာ့အဆင့် နှစ်ဖြစ်သူ ရာဖာ နာဒယ်လ်ကို ကွာတားဖိုင်နယ်တွင်လက်စွမ်းပြအနိုင်ယူခဲ့သူဖြစ်သော်လည်း ဖိုင်နယ်တွင်မူ ရော်ဂျာ ဖက်ဒရာ ကို လက်ရည်ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။

တခြားတစ်ဖက် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်မူ ကမ္ဘာ့အဆင့်တစ် ဆီရီနာ ဝီလျံ က ကမ္ဘာ့အဆင့်တစ်ဟောင်းဖြစ်သူ ဟင်းနင်းကို အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရှိရပါတယ်။

Saturday, January 30, 2010

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၃)


ဒီတစ်ခါတော့ Programming နဲ့ နပမ်းသတ်ခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံလေးကိုပြောပြပါ့မယ်။

တက်နေတာက အီလက်ထရစ်ကယ် အင်ဂျင်နီယာဆိုတော့ ဘယ်သူက Programming တွေပါမယ်ထင်မိမလဲ။ စတက်မယ်ဆိုတုန်းက ပြေးမြင်မိတာတွေက ဝါယာကြိုးတွေ မီးကြိုးတွေပါပဲ။ အခုတော့ Programming တွေပါသင်ရမယ်တဲ့။

ကျွန်တော်တို့ အင်ဂျင်နီယာလောင်း တစ်ဖွဲ့စလုံးကို ဂြိုလ်မွှေသွားတဲ့ဘာသာပါပဲ။

စသင်ရတဲ့ Programming ကတော့ Java ပါ။ တကယ်ဆို ဘာဆိုင်လို့လဲဗျာ။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေကို C, C++ စသင်ပေးရင် ပိုအသုံးဝင်မှာပါ။ အခုတော့ သင်တဲ့ Programming က Java တဲ့။ Java ဆိုရင် ကော်ဖီကိုပဲ သွားသွားပြေးမြင်မိတာအမှန်ပဲ။ အခုတော့ တတ်အောင်လေ့လာရဦးပေမပေါ့။

ဒီလိုနဲ့ စပြီး သင်ပါတယ်။ စင်ကာပူ JCU ကနေ ဆရာတစ်ယောက်ကို ငှားပြီး PSB မှာသင်ပါတယ်။ စစသင်တဲ့ Basic တွေတော့ နားလည်ပါတယ်။ မြန်မာပြည်မှာ နည်းနည်းလေ့လာထားတဲ့ Programming Knowledge လေးက တော်တော်အထောက်အကူပြုပါတယ်။ ဒါပေမယ့် နောက်ပိုင်း သင်တာတွေကို တစ်ခုမှမတတ်ပါ။ Array တွေ Applet တွေလုပ်တာကို သေသေချာချာမတတ်ခဲ့ပါဘူး။ သင်တဲ့ဆရာက လက်ချာစလိုက်တွေကို ဖတ်ပြရုံသာဖြစ်ပြီး တစ်ခါတစ်ခါစာသင်ဖို့ ပြင်ဆင်တာနဲ့တင် လက်ချာချိန်တစ်ဝက်ကုန်တတ်ပါတယ်။ ဒီလိုသင်တော့မှ မတတ်တာလဲ မဆန်းပါဘူး။ ဒီဘာသာမှာ ပရောဂျက် သုံးခုလုပ်ရပါတယ်။ ပထမနှစ်ခုက အခြေခံနည်းနည်းရှိလို့ခံသာပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘယ်လိုမှ မတတ်နိုင်ပါ။ ဘာမှကောင်းကောင်းမတတ်ထားတော့ အခက်ဆုံးတွေ့သောအခါမှာ လက်မြှောက် အရှုံးပေးလိုက်ရပါတယ်။ ဒီလိုမနိုင်တော့ ရန်ကုန်က အစ်မတစ်ယောက်ကို လှမ်းအကူအညီတောင်းရတဲ့ ဘဝကိုရောက်ရပါတော့တယ်။ မြန်မာပြည် ကွန်ပြူတာသင်တန်းတွေတက်ထားတဲ့ အစ်မကတောင် စင်ကာပူ PSB မှာသင်တဲ့ ကျွန်တော်တို့ထက်အများကြီးပိုတတ်ပြီးပိုလုပ်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဘာသာကို အောင်ခဲ့ပါတယ်။

ဒါနဲတင် ဇာတ်လမ်းမဆုံးသေးပါဘူး။ ပရောဂျက်တွေ Plagarism ငြိတယ်ဆိုပြီး warning ပေးပါသေးတယ်။ တစ်တန်းလုံးနီးပါးကိုပါ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ပထမပရောဂျက်နှစ်ခုကို လုပ်ခဲ့ပေမယ့် ဘာတွေငြိလို့လည်းမသိ။ ခေါ်ပြောခံရပါသေးတယ်။ အခုထိ အဲဒါကို မကျေနပ်နိုင်သေးပါ။

အဲအချိန်ကစပြီး တော်တော်ကိုမှတ်သွားပါတယ်။ အီလက်ထရစ်ကယ် တက်မယ်ဆိုရင် Programming လဲသိရမှာပဲဆိုတာကိုပါ။ နောက်ဆက်တက်တော့လည်း C, C++ တွေသင်ရပါတယ်။ ဒါက ကျွန်တော် ပထမနှစ်တက်နေတုန်းမှာတင် တွေ့ရတဲ့အခက်အခဲတွေပါ။ ဖြစ်ချင်တာတော့ အင်ဂျင်နီယာပါ။ တကယ်ကို တက်တော့မှ ခက်ခဲပါလားဆိုတာသိရပါတယ်။

ဒီလိုပဲ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ သာ ညဉ်းရင်း . . . ညဉ်းရင်း . . .

Friday, January 29, 2010

ဟာသ (၇)

ဟာသလေးတွေထပ်တင်ပေးလိုက်ပါတယ်။

၁။
ဂျာကင်တစ်ထည်ကို လက်တွင်ကိုင်လျက်လျှောက်လာသောလူငယ်ကို လူကြီးတစ်ယောက်ကမေးသည်။

“ မောင်ရင့်လက်ထဲက ဂျာကင်က တော်တော်ကောင်းလှချည်လား။ ဘယ်ကဝယ်လာတာလဲ ”

“ တစ်လမ်းကျော်က စတိုးဆိုင်ကြီးကပါ ဦးလေး ”

“ ဟုတ်လား၊ ဝယ်နေတဲ့သူတွေ အများကြီးလား ”

“ တစ်ယောက်မှမရှိဘူး၊ အရောင်းစာရေးတောင်မရှိဘူးလေ ”


၂။
စာအုပ်ဆိုင်တွင်ဖြစ်သည်။

“ ကျွန်မကို တစ်ချိန်လုံး သည်းထိပ်ရင်ဖိုဖြစ်စေမယ့် စုံထောက်ဝတ္ထု စာအုပ်တစ်အုပ်ရွေးပေးပါ။ ”

“ ဟောဒီက စာအုပ်ကို ယူသွားပါ။ နောက်ဆုံးစာမျက်နှာမှ လူသတ်သမားဟာ အိမ်ဖော်မလေးဖြစ်ကြောင်းပေါ်လာတယ်ရှင့် ”


၃။
လူငယ် မိမိအပ်ထားသောဖိနပ်ကို လာရွေးသည်။

ဖိနပ်ပြင်သမားကပြောသည် -

“ ပြင်ခ ၂၀၀ ကျပါတယ် ”

“ နည်းလှချည်လား။ ကျွန်တော်လာအပ်တုန်းက လေးရာကျမယ်ဆို ”

“ ခင်ဗျား ဖိနပ်တစ်ဖက်ပျောက်သွားလို့ပါ ”


၎။
အဖေ ဖြစ်သူက သားဖြစ်သူ တက္ကသိုလ်ကျောင်းသားထံ စာရေးသည်။

“သား မင်းတောင်းတဲ့ ပိုက်ဆံ စတာလင်ပေါင် ၂၀ စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ ဒါနဲ့စကားမစပ် ၂၀ ဆိုတဲ့ ဂဏန်းရေးတဲ့အခါမှာ သုည တစ်လုံးပဲ ထည့်ရတယ်။ နှစ်လုံးမဟုတ်ဘူး။ အဲဒါတစ်သက်လုံးမှတ်ထား ကြားလား ”


၅။
ဂျော်ဂျီယာပြည်နယ် မြို့တော်အတွင်း ရုရှားလူမျိုးတစ်ယောက်ကားမောင်းပြီးဝင်လာသည်ကို ယာဉ်ထိန်းရဲက တားလိုက်သည်။

“ ခင်ဗျား သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေးပါ ”


“ ကျွန်တော်ဂျော်ဂျီယာစာမှမတတ်ဘဲ။ ဘယ်လိုရေးရမှာလဲ ”

“ ဆင်ခြေမပေးနဲ့ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေးဆိုရေး ဒါပဲ ”

ရုရှား လူမျိုး စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရ။

နောက်ဆုံး ရုရှားသည် စက္ကူတစ်ရွက်ထုတ်ပြီး စက္ကူကြားတွင် ဒေါ်လာ ငါးဆယ်ကို ညှပ်ထည့်လိုက်ပြီး ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။

ထိုအခါ ယာဉ်ထိန်းရဲက -

“ ဂျော်ဂျီယာစကားမတတ်ဘူးဆို၊ အခုရေးတာတစ်ဝက်တောင်ပြီးနေပြီ၊ ဆက်ရေး ”

သီချင်းလေးတွေဆိုရအောင်


သီချင်းဆိုရတာဝါသနာပါသလား . . .
အဆိုကျော်တွေဖြစ်ချင်တဲ့သူတွေအတွက် မြန်မာသီချင်းလေးတွေ အဆိုကျင့်လို့ရမယ့် Website လေးတစ်ခုကို ပြောပြပါမယ်။

SingForYou လို့ခေါ်တဲ့ Website လေးပဲဖြစ်ပါတယ်။

ဒီ Website လေးမှာ မြန်မာကာရာအိုကေ သီချင်းတွေကို တင်ပေးထားပြီး နားဆင်လို့ရသလို နားဆင်ရတာကို အားမရပဲ ကိုယ်တိုင်ဝင်ဆိုချင်တယ်ဆိုလည်း ရီကောဒင်လုပ်ပြီး ကိုယ့်အသံနဲ့ကိုယ် သီချင်းလေးတွေပြန်တင်လို့ရပါတယ်။

ဒါ့အပြင် ကိုယ့်အသံကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ ပြိုင်ပွဲတောင် ဝင်ပြိုင်လို့ရပါတယ်။

လင့်ခ်လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

SingForYou

ဝါသနာရှင်တွေဆိုပြီးလို့ တင်ပြီးသွားရင် ဒီကွန်မန့်ထဲမှာ ပြန်ပြီး Share လုပ်သွားဦးနော်။

iPad


ယနေ့ ခေတ်စားနေတဲ့ iPhone တို့ iPod တို့ထုတ်လုပ်တဲ့ Apple ကနေပြီး သူတို့အသစ်ထုတ်မယ့် iPad ကို စတင်မိတ်ဆက်လိုက်ပါတယ်။

အခုထုတ်လုပ်ရောင်းချမယ့် iPad ကတော့ ကွန်ပြူတာအသေးစားကဲ့သို့အသုံးပြုနိုင်ပြီး Touch Screen ဖြစ်ပါတယ်။
9.7 inches LED Widescreen Disply ပါဝင်ပြီး 1024-by-768-pixel resolution ဖြင့်အသုံးပြုနိုင်ပါတယ်။ 16GB ကနေ 64GB အထိ Storage ပါဝင်မှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်အောင် WIFI 802.11 ပါဝင်ပါတယ်။

Apple ရဲ့ပြောပြချက်အရ iPad ဟာ iPhone နဲ့ MacBook တို့ကို အခြေခံ ပေါင်းစပ်ထားပြီး ပိုမိုကောင်းမွန်အောင်ထုတ်လုပ်ထားတယ်လို့ ပြောပါတယ်။

iPad ကို Email ၊ Web Browsing တို့မှာ အသုံးပြုနိုင်သလို ဓာတ်ပုံတွေ ဗီဒီယိုတွေ ကြည့်တာ Share တာတွေမှာပါအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် iPhone iPod တို့မှာပါဝင်တဲ့ Software လေးတွေပါ ပါဝင်မှာဖြစ်ပါတယ်။

အသေးစိတ် iPad အကြောင်းသိချင်ရင်တော့ အောက်ကလင့်ခ်မှာ သွားကြည့်လို့ရပါတယ်

Apple

ဒါကတော့ iPad ပုံလေးတွေပါ။










ကျွန်တော့်အမြင်ပြောရရင်တော့ iPad ဟာ iPod အကြီးစားတစ်ခုလိုပါပဲ။ ဘာမှလည်းထူးထူးခြားခြားပိုပါမလာပါဘူး။ တစ်ခုရှိတာကတော့ အင်တာနက်သုံးတာတို့ ချက်တင်တက်တာတို့အတွက်တော့ တော်တော်အသုံးဝင်မှာပါ။ ပြီးတော့ နောက်တစ်ခုက မူဗီတွေကြည့်ရင် ပေါ့ပေါ့ပါးပါးကိုင်ပြီး ကြည့်လို့ရတယ်ပေါ့။ ဒါတွေကလွဲရင်တော့ iPad က တခြား Apple ထုတ်ပစ္စည်းတွေဖြစ်တဲ့ iPod iPhone တို့နဲ့ မကွာခြားလောက်ဘူးလို့ ထင်မိပါတယ်။

သြစတေးလျ အတွေ့အကြုံများ (၁)


သြဇီမှာ နေနေတာဆိုတော့ သြဇီမှာ ဘယ်လိုနေလဲ၊ ဘာတွေရှိလဲ၊ ဘာတွေလုပ်လဲ ဆိုတာတွေကို သိချင်တဲ့သူတွေအတွက်ပြောပြပါမယ်။

သြဇီမှာနေတဲ့အကြောင်းမပြောခင် နောက်ကြောင်းနည်းနည်းပြန်ရမှာပေါ့ . . .
ဒါမှ သြဇီကို ဘယ်လိုမျက်စိလည်လမ်းမှားပြီးရောက်လာသလဲဆိုတာသိမှာပေါ့ . . .

သြဇီကို ကျောင်းလာမတက်ခင် စင်ကာပူမှာ ၂ နှစ် ကျောင်းတက်ခဲ့ပါတယ်။ ဆယ်တန်းပြီးပြီးချင်း စင်ကာပူ PSB Academy မှာ ပညာသင်ကြားဖို့ထွက်လာခဲ့ပါတယ်။ PSB မှာ နှစ်နှစ်ကျောင်းတက်ပြီးတဲ့အခါမှာတော့ တော်တော်လေးကို စင်ကာပူမှာနေရတာပျင်းလာပါတယ်။ အဲဒါအပြင် PSB မှာတက်ရတာကိုလည်း သိပ်ပြီး အားမရတော့ပါဘူး။ အဲဒါနဲ့ သြဇီမှာကျောင်းတက်ဖို့ လျှောက်လိုက်ပါတယ်။ လျှောက်တဲ့ကျောင်းတွေထဲကနေ University of Queensland ကို ကြိုက်လို့ လက်ခံလိုက်ပြီး ဗီဇာဝင်ကာ သြဇီကိုရောက်လာပါသတဲ့။

သြဇီကို လာဖို့ စင်ကာပူကနေ ၇နာရီတိတိ လေယာဉ်စီးရပါတယ်။ တော်တော်လေးကို ပင်ပန်းတဲ့ခရီးပါ။ ဒီလိုနဲ့ သြဇီမြေကို ခြေချမိပါတယ်။

သြဇီ Brisbane Airport ကိုစရောက်တော့ စစတွေးမိတာက တော်တော်ကို ခြောက်ကပ်နိုင်ပါလားဆိုတဲ့အတွေးပါ။ လေယာဉ်ကွင်းမှာ လူရှင်းနေတဲ့အပြင် စင်ကာပူလေဆိပ်နဲ့ ယှဉ်လိုက်ရင် တော်တော်လေးသေးပါတယ်။ တစ်ခုခံစားမိတာက စင်ကာပူကို လွန်ခဲ့တဲ့ နှစ်နှစ် စရောက်တုန်းက အလွန်ကို အံသြသွားခဲ့ပေမယ့် Brisbane ကိုရောက်တော့ အဲလို အံ့သြမှုမရှိတာအမှန်ပါပဲ။

Brisbane ကိုရောက်တော့ University of Queensland (UQ) ကလာကြိုပါတယ်။ အဲနောက်မှာ တည်းရမယ့်ဟော်တယ်ကိုလိုက်ပို့ပါတယ်။
ဒီလိုနဲ့ သြဇီမြေကိုစပြီးခြေချမိတာပေါ့။

ဒါကတော့ ကျွန်တော့် သြဇီအဝင် နိဒါန်းလေးပါ။

စင်ကာပူမှာ နှစ်နှစ်နေခဲ့တော့ Brisbane မြို့အကြောင်းပြောတဲ့အခါ စင်ကာပူနဲ့ နှိုင်းနှိုင်းပြီးပြောပါမယ်။

ပထမဆုံးပြောပြချင်တာက သွားလာရေးပါ။ စင်ကာပူမှာ Public Transport အရမ်းကောင်းပါတယ်။ Brisbane မှာ စိတ်ပျက်ဖို့ကောင်းပါတယ်။ စင်ကာပူမှာလို အမ်အာတီ စီးလို့မရပါ။ မြို့ပတ်ရထားတော့ရှိပါရဲ့။ မြို့ရဲ့နေရာတိုင်းကို ရထားမရောက်ပါဘူး။ တစ်ချို့တစ်ချို့သော အရေးပါတဲ့နေရာတွေကိုသာရထားရောက်ပါတယ်။ တစ်နေရာနဲ့တစ်နေရာသွားချင်ရင် အများအားဖြင့် bus စီးရပါတယ်။ ကျွန်တော်ကကျောင်းနားမှာနေပေမယ့်လည်း bus စီးပြီးကျောင်းတက်လေ့ရှိပါတယ်။ ကျောင်းကို သုံးမှတ်တိုင် စီးလိုက်ရင်ရောက်ပါတယ်။ စားစရာ ဟင်းချက်စရာတွေ ရောင်းတဲ့နေရာကိုတော့ တစ်မှတ်တိုင်စီးရပါတယ်။ bus မစီးပဲသွားရင် လျှာထွက်ပြီးသေနိုင်ပါတယ်။ ကျောင်းကို မိနစ်သုံးဆယ်လောက်လျှောက်ရပါတယ်။ နေပူကျဲကျဲမှာ ဘယ်လိုမှမလျှောက်နိုင်ပါ။ ဒီတော့ bus ပဲစီးရပါတယ်။ bus တွေက ဆယ့်ငါးမိနစ် မိနစ်သုံးဆယ် မှ တစ်စီးလာပါတယ်။ တစ်စီးလွတ်သွားခဲ့ရင် တော်တော်ကြာအောင်ကိုစောင့်ရပါတယ်။ တစ်ခါတစ်လေ လူကျပ်တဲ့အချိန်ဆိုရင် ကိုယ်က စောင့်နေတာကိုမြင်ရင်တောင်ရပ်မပေးပါဘူး။ လူပြည့်နေလို့ပါ။ အဲဒီလိုနေ့မျိုးဆိုကျောင်းနောက်ကျပါတယ်။ ဒီတော့ Public Transport မှာ စင်ကာပူကို Brisbane မမှီပါ။ ဒါ့အပြင် ကားခက တစ်ခါစီးရင် တစ်ဒေါ်လာနှုန်းလောက်ကျပါတယ်။ ပြီးတော့ မြန်မာပြည်မှာလို တက်စီစီးချင်တိုင်းစီးလို့မရ ဈေးအရမ်းကြီးပါတယ်။

ဒီတော့ မင်း သြဇီက Transport ဘာကောင်းသတုန်းလို့မေးမှာပေါ့။ ဟုတ်ကဲ့ . ကောင်းတာတော့ရှိပါတယ်။ အဲဒါကတော့ ကိုယ်ပိုင်ကားဝယ်နိုင်ခြင်းပါ။ တကယ်လို့ ကားမောင်းတတ်မယ်၊ ပိုက်ဆံရှိမယ်ဆိုရင် ကားတစ်စီးကို သြဇီဒေါ်လာ တစ်ထောင်ကနေစလို့ ဝယ်နိုင်ပါတယ်။ သုံးထောင် လေးထောင်လောက်တန်တဲ့ ကားဆိုရင် တော်တော်လေးကို ဝယ်ရ စီးရတာတန်ပါတယ်။ ဒါက သြဇီရဲ့ အားသာချက်ပါ။ မြန်မာပြည်မှာ သိန်းငါးရာလောက်ဆိုရင် ကားအသစ် ကားကောင်းမရနိုင်ပေမယ့် ဒီမှာ နောက်ဆုံးပေါ်မော်ဒယ်တွေကို အဲဒီဈေးနဲ့ ရနိုင်ပါတယ်။ ပြိုင်ကားတွေလည်း ဝယ်ချင်ဝယ်လို့ရပါတယ်။ တစ်ခုရှိတာက ဓာတ်ဆီပါ။ ဓာတ်ဆီဖိုးကတော့ မသက်သာပါဘူး။ ဒါပေမယ့် ဆီစားနည်းတဲ့ ကားကို ဝယ်ရင်တော့ တော်တော်တန်ပါတယ်။ အဲဒါကြောင့်မလို့ သြဇီမှာလူတော်တော်များများ ကိုယ်ပိုင်ကားဝယ်ကြပါတယ်။ ကိုယ်ပိုင်ကားရှိမှလည်း အဆင်ပြေပါတယ်။

ဒါကတော့ Brisbane မြို့ရဲ့ Transportation အကြောင်းပါ။ လာချင်တဲ့သူတွေလည်း သိရတာပေါ့။ ကားလိုင်စင်လေးတော့လုပ်ထားကြဖို့လိုလေ့မယ်လို့ထင်ပါတယ်။

နောက်ပို့စ်တွေမှာ သြဇီအတွေ့အကြုံတွေကို ဆက်ပြောပြပါဦးမယ်။

Thursday, January 28, 2010

အမေ



အမေ . . .

လူ့ လောကထဲကို စရောက်ကတည်းက ကျွန်တော့်အနားမှာရှိခဲ့တဲ့အမေ . . .

ကျွန်တော်မသိတတ်ခဲ့ပါ . . .

ငါးနှစ်အရွယ်ကျောင်းစတက်ကတည်းက ဆယ်တန်းအထိ မနက်မနက်တိုင်း အစောကြီးထပြီး ကျောင်းအတွက် ထမင်းဘူးပြင်ပေးခဲ့တဲ့ အမေ . . . အမေ ပင်ပန်းခဲ့တာကို ကျွန်တော်မသိတတ်ခဲ့ . . . အကစားမက်ပြီး ထမင်းဘူးကို ကုန်အောင် နေ့တိုင်းမစားခဲ့ဘူး . . .

ကျောင်းတွေပြန်ဖွင့်တဲ့ဇွန်လရောက်တိုင်း အတန်းပိုင်ဆရာမအသစ်နဲ့ အဆင်ပြေအောင် အမြဲလိုက် အပ်နှံပေးခဲ့တဲ့အမေ . . .
ဘောလုံးဝါသနာပါတဲ့ ကျွန်တော်အမြဲပူဆာခဲ့တယ် . . . ဘောလုံးအင်္ကျီ ဘောလုံးကန်ဖိနပ် . . . အသစ်တွေအမြဲဝယ်ချင်ခဲ့တယ် . . .
ကျွန်တော် အမြဲပျော်ရွင်ခဲ့ရတယ် . . . အမေ အမြဲတမ်း ကျွန်တော် ပူဆာသမျှ လိုလေသေးမရှိအောင်ထားခဲ့တယ် . . .

ကျွန်တော် မသိတတ်ခဲ့ပါ . . .

ကိုးတန်းဆယ်တန်း အထက်တန်းရောက်လာတော့ ကျူရှင်တွေကောင်းနိုင်သလောက်ကောင်းအောင်ထားပေးတယ် . . .
ထူးချွန်စာမေးပွဲတွေသွားဖြေတိုင်း ကျွန်တော့် နောက်က အမြဲ အားပေးနေခဲ့တယ် . . .
လပတ်စာမေးပွဲတွေမှာ အဆင့် ကောင်းကောင်းရတိုင်း ပျော်ခဲ့တဲ့ အမေ . . .

ကျောင်းမှာ ရှိတဲ့ဆရာမတွေတောင် အံသြရတဲ့ အမေ . . .
ကျွန်တော့်ကို လိုလေသေးမရှိအောင် အရာရာလိုက်လျောခဲ့ပြီး စာကိုပဲအာရုံစိုက်စေခဲ့တဲ့ အမေ . . .
ဆရာမတွေက ပြောတယ် . . . မင်းစာတွေရတာ မင်းတော်တာမင်းကြောင့်မဟုတ်ဘူး . . . မင်းအမေကြောင့်တဲ့ . . .
ဟုတ်ပါတယ် အမေ . . . အမေဘေးမှာ အမြဲအားပေးမနေခဲ့ရင် ကျွန်တော် စာကြိုးစားမိမှာမဟုတ်ဘူး . . . အမှတ်တွေလည်းကောင်းခဲ့မှာ မဟုတ်ဘူး . . .

ဒါပေမယ့် ကျွန်တော် ညံ့ခဲ့ပါတယ် အမေ . . .
အမေ မျှော်လင့်ခဲ့သလို ကျွန်တော် ထိပ်ဆုံးမရောက်ခဲ့ဘူး . . .
ဒါပေမယ့် အမေ ဘယ်တော့မှ ကျွန်တော့်အပေါ်စိတ်မပျက်ခဲ့ပါဘူး . . .

ဆယ်တန်းပြီးတော့လည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ရအောင် ကျူရှင်မျိုးစုံ သင်တန်းမျိုးစုံ တက်ခိုင်းတဲ့အမေ . . .
PSB ကို တက်ဖို့ အမေ အေးဂျင့်တွေဆီမှာ ရအောင်ပြောပေးပြီး ကျောင်းလျှောက်ပေးခဲ့တယ် . . . ကျွန်တော်ကတော့ အကြောက်အကန် မသွားဘူးလို့ မသိတတ်စွာနဲ့ ငြင်းခဲ့တယ် . . .

ဒါပေမယ့် အမေ တိုက်တွန်းတာ ကျွန်တော့်ဘဝအတွက် အမှန်ကန်ဆုံးဖြစ်ခဲ့ပါတယ် . . . တက္ကသိုလ်ကို မြန်မြန်နဲ့ ပြီးအောင်တက်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါတယ် . . .

အမေနဲ့ ညီလေး စင်ကာပူမှာရှိနေတာတောင် သြစတေးလျမှာ ကျောင်းတက်ချင်တယ်ဆိုပြီး ကျွန်တော် ပူဆာခဲ့ပြန်တယ် . . . ကျွန်တော် စိတ်ချမ်းသာရအောင် အမြဲ လိုက်လျောပေးခဲ့တယ် . . . အခုသြစတေးလျရောက်နေတဲ့ ကျွန်တော် အမေ့ကို အမြဲလွမ်းမိပါရဲ့ . . .

အရွယ်ရောက်လို့ ချစ်သူရည်းစား ကျွန်တော်ထားခဲ့ပြန်တော့လည်း အမေမကြိုက်ပေမယ့် ကျွန်တော်ပျော်အောင် ဘာမှ မပြောခဲ့ဘူး . . .
ကျွန်တော့် အပေါ်တင်မက ချွေးမလောင်းအတွက်ပါ စေတနာပိုခဲ့တဲ့ အမေ . . .

အမေ
ကျွန်တော်မသိတတ်ခဲ့ပါဘူး . . .

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမေ . . .
စာတွေမှာ မိဘကျေးဇူး ကို မြင့်မိုရ်တောင်နဲ့နှိုင်းတယ် . . .

ဒါပေမယ့် အမေ့ အချစ် အမေ့ကျေးဇူးက သားအတွက်မြင့်မိုရ်တောင်ထက်ကြီးပါတယ် . . .
သား အပေါ်ထားခဲ့တဲ့ အမေ့မေတ္တာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး . . .

သားမသိတတ်ခဲ့ပါဘူး . . .
သား အမေ့အပေါ် ပြန်ပြီး ရန်တွေ့ခဲ့တာတွေရှိခဲ့တယ် . . .
သား အမေ့စေတနာကို စော်ကားခဲ့တာတွေရှိတယ် . . .
သားအတွက် အမေစိတ်ဆင်းရဲခဲ့ရတယ် . . .
သားအတွက် အမေ ပင်ပန်းခဲ့ရတယ် . . .

သား က သားမိုက်ပါအမေ . . .
ဒါပေမယ့် သားလိမ္မာအောင်ကြိုးစားပါ့မယ် . . .

သားသည်အမေ
မိုင်ရှည်တာဝေး
အပြေးသမား။ ။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ်လေလား။ ။
( မိခင်မာရသွန် - ကြည်အောင် )

အမေ . . .
သားအတွက် အမေ မနားတမ်း မာရသွန်ပြေးသလို ဂရုတစိုက် အရိပ်တကြည့် ချစ်ခဲ့တာ အမေ ပင်ပန်းသွားပါပြီ . . .
ဒါပေမယ့် ဘယ်တော့မှ အမေ ပန်းတိုင်ကို ခြေကုန်လက်ပန်းကျပြီး မဝင်ရပါဘူး . . .

အမေ မာရသွန်ဆက်မပြေးရတော့ပါဘူး . . .
နောက်နှစ်ဆို သား ဘွဲ့ရပါပြီ . . .
အမေပင်ပန်းခဲ့တာတွေအားလုံးကို အနားယူပြီး စိတ်ချမ်းချမ်းသာသာနေနိုင်ပါပြီ . . .
သား ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်တော့မှာပါ . . .

အမေ့ကိုလုပ်ကျွေးပါရစေ အမေ . . .
ကျွန်တော်ချစ်တဲ့ အမေ့ကို ကျွန်တော့်ကြောင့် ပျော်ရွှင်ရတာ မြင်ချင်လို့ပါ . . .

သားအတွက် အမေအမြဲစိတ်ချမ်းသာနိုင်ပါစေ . . .
အမေ့ဘဝ နှောင်နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်အထိ ကျွန်တော်တို့မိသားစုတွေအတူတူနေထိုင်နိုင်မှာပါ . . .

အဝေးရောက်နေပေမယ့်လည်း ဘယ်တော့မှ အမေ့ကိုမမေ့ပါဘူး . . .
ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကျတဲ့ အမေ့မွေးနေ့မှာ အမေပျော်ရွှင်နိုင်ပါစေ . . .

အမေ့အနားမှာ မရှိလို့ အဝေးကနေပဲ ဦးခိုက်ကန်တော့ရင်း

~ သားကြီး