Sunday, January 31, 2010

ၾသစေတးလ် အိုးပင်း အမျိုးသားပြိုင်ပွဲ ရော်ဂျာ ဖက်ဒရာ ဗိုလ်စွဲ


မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသော သြစတေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ ဖိုင်နယ်တွင် ရော်ဂျာ ဖက်ဒရာ က အန်ဒီ မာရေးကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ယနေ့ပြိုင်ပွဲတွင် ဖက်ဒရာ က မာရေးကို ၆-၃၊ ၆-၄ ဖြင့်ဦးဆောင်ခဲ့ပြီး နောက်ဆုံး ပွဲငယ်တွင်မူ Tie-Break အထိ ကစားခဲ့ရပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကာ ၁၃ မှတ် ၁၁ မှတ်ဖြင့် အနိုင်ရသောကြောင့် ၇-၆ ဖြင့် ပွဲသိမ်းအနိုင်ရရှိသွားပါတယ်။

ယခုတစ်ကြိမ် ဗိုလ်စွဲခြင်းသည် ကမ္ဘာ့အဆင့်တစ် ရော်ဂျာ ဖက်ဒရာအတွက် သြစတေးလျ အိုးပင်းကို စတုတ္ထ အကြိမ် ဗိုလ်စွဲသွားခြင်းဖြစ်ပြီး ကစားသမားသက်တမ်းတစ်လျှောက် ၁၇ကြိမ်မြောက် ဂရမ်းစလင်းပြိုင်ပွဲများတွင် ဗိုလ်စွဲခြင်းဖြစ်သည်။

ဂရမ်းစလင်းတင်းနစ်ပြိုင်ပွဲများတွင် ဗြိတိန်နိုင်ငံသားများ ဗိုလ်မစွဲသည်မှာ ၇၄ နှစ်ရှိခဲ့ပြီဖြစ်သောကြောင့် ဗြိတိန်နိုင်ငံသား ပြိုင်ဘက် အန်ဒီမာရေးအတွက်မူ မျှော်လင့်ချက်ကြီးများခဲ့သောကြောင့် ယခုရှုံးနိမ့်မှုမှာ စိတ်ထိခိုက်ဖွယ်ဖြစ်ခဲ့ရသည်။ အန်ဒီမာရေး အနေနှင့် ကမ္ဘာ့အဆင့် နှစ်ဖြစ်သူ ရာဖာ နာဒယ်လ်ကို ကွာတားဖိုင်နယ်တွင်လက်စွမ်းပြအနိုင်ယူခဲ့သူဖြစ်သော်လည်း ဖိုင်နယ်တွင်မူ ရော်ဂျာ ဖက်ဒရာ ကို လက်ရည်ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။

တခြားတစ်ဖက် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်မူ ကမ္ဘာ့အဆင့်တစ် ဆီရီနာ ဝီလျံ က ကမ္ဘာ့အဆင့်တစ်ဟောင်းဖြစ်သူ ဟင်းနင်းကို အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရှိရပါတယ်။

Saturday, January 30, 2010

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၃)


ဒီတစ်ခါတော့ Programming နဲ့ နပမ်းသတ်ခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံလေးကိုပြောပြပါ့မယ်။

တက်နေတာက အီလက်ထရစ်ကယ် အင်ဂျင်နီယာဆိုတော့ ဘယ်သူက Programming တွေပါမယ်ထင်မိမလဲ။ စတက်မယ်ဆိုတုန်းက ပြေးမြင်မိတာတွေက ဝါယာကြိုးတွေ မီးကြိုးတွေပါပဲ။ အခုတော့ Programming တွေပါသင်ရမယ်တဲ့။

ကျွန်တော်တို့ အင်ဂျင်နီယာလောင်း တစ်ဖွဲ့စလုံးကို ဂြိုလ်မွှေသွားတဲ့ဘာသာပါပဲ။

စသင်ရတဲ့ Programming ကတော့ Java ပါ။ တကယ်ဆို ဘာဆိုင်လို့လဲဗျာ။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေကို C, C++ စသင်ပေးရင် ပိုအသုံးဝင်မှာပါ။ အခုတော့ သင်တဲ့ Programming က Java တဲ့။ Java ဆိုရင် ကော်ဖီကိုပဲ သွားသွားပြေးမြင်မိတာအမှန်ပဲ။ အခုတော့ တတ်အောင်လေ့လာရဦးပေမပေါ့။

ဒီလိုနဲ့ စပြီး သင်ပါတယ်။ စင်ကာပူ JCU ကနေ ဆရာတစ်ယောက်ကို ငှားပြီး PSB မှာသင်ပါတယ်။ စစသင်တဲ့ Basic တွေတော့ နားလည်ပါတယ်။ မြန်မာပြည်မှာ နည်းနည်းလေ့လာထားတဲ့ Programming Knowledge လေးက တော်တော်အထောက်အကူပြုပါတယ်။ ဒါပေမယ့် နောက်ပိုင်း သင်တာတွေကို တစ်ခုမှမတတ်ပါ။ Array တွေ Applet တွေလုပ်တာကို သေသေချာချာမတတ်ခဲ့ပါဘူး။ သင်တဲ့ဆရာက လက်ချာစလိုက်တွေကို ဖတ်ပြရုံသာဖြစ်ပြီး တစ်ခါတစ်ခါစာသင်ဖို့ ပြင်ဆင်တာနဲ့တင် လက်ချာချိန်တစ်ဝက်ကုန်တတ်ပါတယ်။ ဒီလိုသင်တော့မှ မတတ်တာလဲ မဆန်းပါဘူး။ ဒီဘာသာမှာ ပရောဂျက် သုံးခုလုပ်ရပါတယ်။ ပထမနှစ်ခုက အခြေခံနည်းနည်းရှိလို့ခံသာပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘယ်လိုမှ မတတ်နိုင်ပါ။ ဘာမှကောင်းကောင်းမတတ်ထားတော့ အခက်ဆုံးတွေ့သောအခါမှာ လက်မြှောက် အရှုံးပေးလိုက်ရပါတယ်။ ဒီလိုမနိုင်တော့ ရန်ကုန်က အစ်မတစ်ယောက်ကို လှမ်းအကူအညီတောင်းရတဲ့ ဘဝကိုရောက်ရပါတော့တယ်။ မြန်မာပြည် ကွန်ပြူတာသင်တန်းတွေတက်ထားတဲ့ အစ်မကတောင် စင်ကာပူ PSB မှာသင်တဲ့ ကျွန်တော်တို့ထက်အများကြီးပိုတတ်ပြီးပိုလုပ်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဘာသာကို အောင်ခဲ့ပါတယ်။

ဒါနဲတင် ဇာတ်လမ်းမဆုံးသေးပါဘူး။ ပရောဂျက်တွေ Plagarism ငြိတယ်ဆိုပြီး warning ပေးပါသေးတယ်။ တစ်တန်းလုံးနီးပါးကိုပါ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ပထမပရောဂျက်နှစ်ခုကို လုပ်ခဲ့ပေမယ့် ဘာတွေငြိလို့လည်းမသိ။ ခေါ်ပြောခံရပါသေးတယ်။ အခုထိ အဲဒါကို မကျေနပ်နိုင်သေးပါ။

အဲအချိန်ကစပြီး တော်တော်ကိုမှတ်သွားပါတယ်။ အီလက်ထရစ်ကယ် တက်မယ်ဆိုရင် Programming လဲသိရမှာပဲဆိုတာကိုပါ။ နောက်ဆက်တက်တော့လည်း C, C++ တွေသင်ရပါတယ်။ ဒါက ကျွန်တော် ပထမနှစ်တက်နေတုန်းမှာတင် တွေ့ရတဲ့အခက်အခဲတွေပါ။ ဖြစ်ချင်တာတော့ အင်ဂျင်နီယာပါ။ တကယ်ကို တက်တော့မှ ခက်ခဲပါလားဆိုတာသိရပါတယ်။

ဒီလိုပဲ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ သာ ညဉ်းရင်း . . . ညဉ်းရင်း . . .

Friday, January 29, 2010

ဟာသ (၇)

ဟာသလေးတွေထပ်တင်ပေးလိုက်ပါတယ်။

၁။
ဂျာကင်တစ်ထည်ကို လက်တွင်ကိုင်လျက်လျှောက်လာသောလူငယ်ကို လူကြီးတစ်ယောက်ကမေးသည်။

“ မောင်ရင့်လက်ထဲက ဂျာကင်က တော်တော်ကောင်းလှချည်လား။ ဘယ်ကဝယ်လာတာလဲ ”

“ တစ်လမ်းကျော်က စတိုးဆိုင်ကြီးကပါ ဦးလေး ”

“ ဟုတ်လား၊ ဝယ်နေတဲ့သူတွေ အများကြီးလား ”

“ တစ်ယောက်မှမရှိဘူး၊ အရောင်းစာရေးတောင်မရှိဘူးလေ ”


၂။
စာအုပ်ဆိုင်တွင်ဖြစ်သည်။

“ ကျွန်မကို တစ်ချိန်လုံး သည်းထိပ်ရင်ဖိုဖြစ်စေမယ့် စုံထောက်ဝတ္ထု စာအုပ်တစ်အုပ်ရွေးပေးပါ။ ”

“ ဟောဒီက စာအုပ်ကို ယူသွားပါ။ နောက်ဆုံးစာမျက်နှာမှ လူသတ်သမားဟာ အိမ်ဖော်မလေးဖြစ်ကြောင်းပေါ်လာတယ်ရှင့် ”


၃။
လူငယ် မိမိအပ်ထားသောဖိနပ်ကို လာရွေးသည်။

ဖိနပ်ပြင်သမားကပြောသည် -

“ ပြင်ခ ၂၀၀ ကျပါတယ် ”

“ နည်းလှချည်လား။ ကျွန်တော်လာအပ်တုန်းက လေးရာကျမယ်ဆို ”

“ ခင်ဗျား ဖိနပ်တစ်ဖက်ပျောက်သွားလို့ပါ ”


၎။
အဖေ ဖြစ်သူက သားဖြစ်သူ တက္ကသိုလ်ကျောင်းသားထံ စာရေးသည်။

“သား မင်းတောင်းတဲ့ ပိုက်ဆံ စတာလင်ပေါင် ၂၀ စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ ဒါနဲ့စကားမစပ် ၂၀ ဆိုတဲ့ ဂဏန်းရေးတဲ့အခါမှာ သုည တစ်လုံးပဲ ထည့်ရတယ်။ နှစ်လုံးမဟုတ်ဘူး။ အဲဒါတစ်သက်လုံးမှတ်ထား ကြားလား ”


၅။
ဂျော်ဂျီယာပြည်နယ် မြို့တော်အတွင်း ရုရှားလူမျိုးတစ်ယောက်ကားမောင်းပြီးဝင်လာသည်ကို ယာဉ်ထိန်းရဲက တားလိုက်သည်။

“ ခင်ဗျား သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေးပါ ”


“ ကျွန်တော်ဂျော်ဂျီယာစာမှမတတ်ဘဲ။ ဘယ်လိုရေးရမှာလဲ ”

“ ဆင်ခြေမပေးနဲ့ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေးဆိုရေး ဒါပဲ ”

ရုရှား လူမျိုး စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရ။

နောက်ဆုံး ရုရှားသည် စက္ကူတစ်ရွက်ထုတ်ပြီး စက္ကူကြားတွင် ဒေါ်လာ ငါးဆယ်ကို ညှပ်ထည့်လိုက်ပြီး ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။

ထိုအခါ ယာဉ်ထိန်းရဲက -

“ ဂျော်ဂျီယာစကားမတတ်ဘူးဆို၊ အခုရေးတာတစ်ဝက်တောင်ပြီးနေပြီ၊ ဆက်ရေး ”

သီချင်းလေးတွေဆိုရအောင်


သီချင်းဆိုရတာဝါသနာပါသလား . . .
အဆိုကျော်တွေဖြစ်ချင်တဲ့သူတွေအတွက် မြန်မာသီချင်းလေးတွေ အဆိုကျင့်လို့ရမယ့် Website လေးတစ်ခုကို ပြောပြပါမယ်။

SingForYou လို့ခေါ်တဲ့ Website လေးပဲဖြစ်ပါတယ်။

ဒီ Website လေးမှာ မြန်မာကာရာအိုကေ သီချင်းတွေကို တင်ပေးထားပြီး နားဆင်လို့ရသလို နားဆင်ရတာကို အားမရပဲ ကိုယ်တိုင်ဝင်ဆိုချင်တယ်ဆိုလည်း ရီကောဒင်လုပ်ပြီး ကိုယ့်အသံနဲ့ကိုယ် သီချင်းလေးတွေပြန်တင်လို့ရပါတယ်။

ဒါ့အပြင် ကိုယ့်အသံကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ ပြိုင်ပွဲတောင် ဝင်ပြိုင်လို့ရပါတယ်။

လင့်ခ်လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

SingForYou

ဝါသနာရှင်တွေဆိုပြီးလို့ တင်ပြီးသွားရင် ဒီကွန်မန့်ထဲမှာ ပြန်ပြီး Share လုပ်သွားဦးနော်။

iPad


ယနေ့ ခေတ်စားနေတဲ့ iPhone တို့ iPod တို့ထုတ်လုပ်တဲ့ Apple ကနေပြီး သူတို့အသစ်ထုတ်မယ့် iPad ကို စတင်မိတ်ဆက်လိုက်ပါတယ်။

အခုထုတ်လုပ်ရောင်းချမယ့် iPad ကတော့ ကွန်ပြူတာအသေးစားကဲ့သို့အသုံးပြုနိုင်ပြီး Touch Screen ဖြစ်ပါတယ်။
9.7 inches LED Widescreen Disply ပါဝင်ပြီး 1024-by-768-pixel resolution ဖြင့်အသုံးပြုနိုင်ပါတယ်။ 16GB ကနေ 64GB အထိ Storage ပါဝင်မှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်အောင် WIFI 802.11 ပါဝင်ပါတယ်။

Apple ရဲ့ပြောပြချက်အရ iPad ဟာ iPhone နဲ့ MacBook တို့ကို အခြေခံ ပေါင်းစပ်ထားပြီး ပိုမိုကောင်းမွန်အောင်ထုတ်လုပ်ထားတယ်လို့ ပြောပါတယ်။

iPad ကို Email ၊ Web Browsing တို့မှာ အသုံးပြုနိုင်သလို ဓာတ်ပုံတွေ ဗီဒီယိုတွေ ကြည့်တာ Share တာတွေမှာပါအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် iPhone iPod တို့မှာပါဝင်တဲ့ Software လေးတွေပါ ပါဝင်မှာဖြစ်ပါတယ်။

အသေးစိတ် iPad အကြောင်းသိချင်ရင်တော့ အောက်ကလင့်ခ်မှာ သွားကြည့်လို့ရပါတယ်

Apple

ဒါကတော့ iPad ပုံလေးတွေပါ။










ကျွန်တော့်အမြင်ပြောရရင်တော့ iPad ဟာ iPod အကြီးစားတစ်ခုလိုပါပဲ။ ဘာမှလည်းထူးထူးခြားခြားပိုပါမလာပါဘူး။ တစ်ခုရှိတာကတော့ အင်တာနက်သုံးတာတို့ ချက်တင်တက်တာတို့အတွက်တော့ တော်တော်အသုံးဝင်မှာပါ။ ပြီးတော့ နောက်တစ်ခုက မူဗီတွေကြည့်ရင် ပေါ့ပေါ့ပါးပါးကိုင်ပြီး ကြည့်လို့ရတယ်ပေါ့။ ဒါတွေကလွဲရင်တော့ iPad က တခြား Apple ထုတ်ပစ္စည်းတွေဖြစ်တဲ့ iPod iPhone တို့နဲ့ မကွာခြားလောက်ဘူးလို့ ထင်မိပါတယ်။

သြစတေးလျ အတွေ့အကြုံများ (၁)


သြဇီမှာ နေနေတာဆိုတော့ သြဇီမှာ ဘယ်လိုနေလဲ၊ ဘာတွေရှိလဲ၊ ဘာတွေလုပ်လဲ ဆိုတာတွေကို သိချင်တဲ့သူတွေအတွက်ပြောပြပါမယ်။

သြဇီမှာနေတဲ့အကြောင်းမပြောခင် နောက်ကြောင်းနည်းနည်းပြန်ရမှာပေါ့ . . .
ဒါမှ သြဇီကို ဘယ်လိုမျက်စိလည်လမ်းမှားပြီးရောက်လာသလဲဆိုတာသိမှာပေါ့ . . .

သြဇီကို ကျောင်းလာမတက်ခင် စင်ကာပူမှာ ၂ နှစ် ကျောင်းတက်ခဲ့ပါတယ်။ ဆယ်တန်းပြီးပြီးချင်း စင်ကာပူ PSB Academy မှာ ပညာသင်ကြားဖို့ထွက်လာခဲ့ပါတယ်။ PSB မှာ နှစ်နှစ်ကျောင်းတက်ပြီးတဲ့အခါမှာတော့ တော်တော်လေးကို စင်ကာပူမှာနေရတာပျင်းလာပါတယ်။ အဲဒါအပြင် PSB မှာတက်ရတာကိုလည်း သိပ်ပြီး အားမရတော့ပါဘူး။ အဲဒါနဲ့ သြဇီမှာကျောင်းတက်ဖို့ လျှောက်လိုက်ပါတယ်။ လျှောက်တဲ့ကျောင်းတွေထဲကနေ University of Queensland ကို ကြိုက်လို့ လက်ခံလိုက်ပြီး ဗီဇာဝင်ကာ သြဇီကိုရောက်လာပါသတဲ့။

သြဇီကို လာဖို့ စင်ကာပူကနေ ၇နာရီတိတိ လေယာဉ်စီးရပါတယ်။ တော်တော်လေးကို ပင်ပန်းတဲ့ခရီးပါ။ ဒီလိုနဲ့ သြဇီမြေကို ခြေချမိပါတယ်။

သြဇီ Brisbane Airport ကိုစရောက်တော့ စစတွေးမိတာက တော်တော်ကို ခြောက်ကပ်နိုင်ပါလားဆိုတဲ့အတွေးပါ။ လေယာဉ်ကွင်းမှာ လူရှင်းနေတဲ့အပြင် စင်ကာပူလေဆိပ်နဲ့ ယှဉ်လိုက်ရင် တော်တော်လေးသေးပါတယ်။ တစ်ခုခံစားမိတာက စင်ကာပူကို လွန်ခဲ့တဲ့ နှစ်နှစ် စရောက်တုန်းက အလွန်ကို အံသြသွားခဲ့ပေမယ့် Brisbane ကိုရောက်တော့ အဲလို အံ့သြမှုမရှိတာအမှန်ပါပဲ။

Brisbane ကိုရောက်တော့ University of Queensland (UQ) ကလာကြိုပါတယ်။ အဲနောက်မှာ တည်းရမယ့်ဟော်တယ်ကိုလိုက်ပို့ပါတယ်။
ဒီလိုနဲ့ သြဇီမြေကိုစပြီးခြေချမိတာပေါ့။

ဒါကတော့ ကျွန်တော့် သြဇီအဝင် နိဒါန်းလေးပါ။

စင်ကာပူမှာ နှစ်နှစ်နေခဲ့တော့ Brisbane မြို့အကြောင်းပြောတဲ့အခါ စင်ကာပူနဲ့ နှိုင်းနှိုင်းပြီးပြောပါမယ်။

ပထမဆုံးပြောပြချင်တာက သွားလာရေးပါ။ စင်ကာပူမှာ Public Transport အရမ်းကောင်းပါတယ်။ Brisbane မှာ စိတ်ပျက်ဖို့ကောင်းပါတယ်။ စင်ကာပူမှာလို အမ်အာတီ စီးလို့မရပါ။ မြို့ပတ်ရထားတော့ရှိပါရဲ့။ မြို့ရဲ့နေရာတိုင်းကို ရထားမရောက်ပါဘူး။ တစ်ချို့တစ်ချို့သော အရေးပါတဲ့နေရာတွေကိုသာရထားရောက်ပါတယ်။ တစ်နေရာနဲ့တစ်နေရာသွားချင်ရင် အများအားဖြင့် bus စီးရပါတယ်။ ကျွန်တော်ကကျောင်းနားမှာနေပေမယ့်လည်း bus စီးပြီးကျောင်းတက်လေ့ရှိပါတယ်။ ကျောင်းကို သုံးမှတ်တိုင် စီးလိုက်ရင်ရောက်ပါတယ်။ စားစရာ ဟင်းချက်စရာတွေ ရောင်းတဲ့နေရာကိုတော့ တစ်မှတ်တိုင်စီးရပါတယ်။ bus မစီးပဲသွားရင် လျှာထွက်ပြီးသေနိုင်ပါတယ်။ ကျောင်းကို မိနစ်သုံးဆယ်လောက်လျှောက်ရပါတယ်။ နေပူကျဲကျဲမှာ ဘယ်လိုမှမလျှောက်နိုင်ပါ။ ဒီတော့ bus ပဲစီးရပါတယ်။ bus တွေက ဆယ့်ငါးမိနစ် မိနစ်သုံးဆယ် မှ တစ်စီးလာပါတယ်။ တစ်စီးလွတ်သွားခဲ့ရင် တော်တော်ကြာအောင်ကိုစောင့်ရပါတယ်။ တစ်ခါတစ်လေ လူကျပ်တဲ့အချိန်ဆိုရင် ကိုယ်က စောင့်နေတာကိုမြင်ရင်တောင်ရပ်မပေးပါဘူး။ လူပြည့်နေလို့ပါ။ အဲဒီလိုနေ့မျိုးဆိုကျောင်းနောက်ကျပါတယ်။ ဒီတော့ Public Transport မှာ စင်ကာပူကို Brisbane မမှီပါ။ ဒါ့အပြင် ကားခက တစ်ခါစီးရင် တစ်ဒေါ်လာနှုန်းလောက်ကျပါတယ်။ ပြီးတော့ မြန်မာပြည်မှာလို တက်စီစီးချင်တိုင်းစီးလို့မရ ဈေးအရမ်းကြီးပါတယ်။

ဒီတော့ မင်း သြဇီက Transport ဘာကောင်းသတုန်းလို့မေးမှာပေါ့။ ဟုတ်ကဲ့ . ကောင်းတာတော့ရှိပါတယ်။ အဲဒါကတော့ ကိုယ်ပိုင်ကားဝယ်နိုင်ခြင်းပါ။ တကယ်လို့ ကားမောင်းတတ်မယ်၊ ပိုက်ဆံရှိမယ်ဆိုရင် ကားတစ်စီးကို သြဇီဒေါ်လာ တစ်ထောင်ကနေစလို့ ဝယ်နိုင်ပါတယ်။ သုံးထောင် လေးထောင်လောက်တန်တဲ့ ကားဆိုရင် တော်တော်လေးကို ဝယ်ရ စီးရတာတန်ပါတယ်။ ဒါက သြဇီရဲ့ အားသာချက်ပါ။ မြန်မာပြည်မှာ သိန်းငါးရာလောက်ဆိုရင် ကားအသစ် ကားကောင်းမရနိုင်ပေမယ့် ဒီမှာ နောက်ဆုံးပေါ်မော်ဒယ်တွေကို အဲဒီဈေးနဲ့ ရနိုင်ပါတယ်။ ပြိုင်ကားတွေလည်း ဝယ်ချင်ဝယ်လို့ရပါတယ်။ တစ်ခုရှိတာက ဓာတ်ဆီပါ။ ဓာတ်ဆီဖိုးကတော့ မသက်သာပါဘူး။ ဒါပေမယ့် ဆီစားနည်းတဲ့ ကားကို ဝယ်ရင်တော့ တော်တော်တန်ပါတယ်။ အဲဒါကြောင့်မလို့ သြဇီမှာလူတော်တော်များများ ကိုယ်ပိုင်ကားဝယ်ကြပါတယ်။ ကိုယ်ပိုင်ကားရှိမှလည်း အဆင်ပြေပါတယ်။

ဒါကတော့ Brisbane မြို့ရဲ့ Transportation အကြောင်းပါ။ လာချင်တဲ့သူတွေလည်း သိရတာပေါ့။ ကားလိုင်စင်လေးတော့လုပ်ထားကြဖို့လိုလေ့မယ်လို့ထင်ပါတယ်။

နောက်ပို့စ်တွေမှာ သြဇီအတွေ့အကြုံတွေကို ဆက်ပြောပြပါဦးမယ်။

Thursday, January 28, 2010

အမေ



အမေ . . .

လူ့ လောကထဲကို စရောက်ကတည်းက ကျွန်တော့်အနားမှာရှိခဲ့တဲ့အမေ . . .

ကျွန်တော်မသိတတ်ခဲ့ပါ . . .

ငါးနှစ်အရွယ်ကျောင်းစတက်ကတည်းက ဆယ်တန်းအထိ မနက်မနက်တိုင်း အစောကြီးထပြီး ကျောင်းအတွက် ထမင်းဘူးပြင်ပေးခဲ့တဲ့ အမေ . . . အမေ ပင်ပန်းခဲ့တာကို ကျွန်တော်မသိတတ်ခဲ့ . . . အကစားမက်ပြီး ထမင်းဘူးကို ကုန်အောင် နေ့တိုင်းမစားခဲ့ဘူး . . .

ကျောင်းတွေပြန်ဖွင့်တဲ့ဇွန်လရောက်တိုင်း အတန်းပိုင်ဆရာမအသစ်နဲ့ အဆင်ပြေအောင် အမြဲလိုက် အပ်နှံပေးခဲ့တဲ့အမေ . . .
ဘောလုံးဝါသနာပါတဲ့ ကျွန်တော်အမြဲပူဆာခဲ့တယ် . . . ဘောလုံးအင်္ကျီ ဘောလုံးကန်ဖိနပ် . . . အသစ်တွေအမြဲဝယ်ချင်ခဲ့တယ် . . .
ကျွန်တော် အမြဲပျော်ရွင်ခဲ့ရတယ် . . . အမေ အမြဲတမ်း ကျွန်တော် ပူဆာသမျှ လိုလေသေးမရှိအောင်ထားခဲ့တယ် . . .

ကျွန်တော် မသိတတ်ခဲ့ပါ . . .

ကိုးတန်းဆယ်တန်း အထက်တန်းရောက်လာတော့ ကျူရှင်တွေကောင်းနိုင်သလောက်ကောင်းအောင်ထားပေးတယ် . . .
ထူးချွန်စာမေးပွဲတွေသွားဖြေတိုင်း ကျွန်တော့် နောက်က အမြဲ အားပေးနေခဲ့တယ် . . .
လပတ်စာမေးပွဲတွေမှာ အဆင့် ကောင်းကောင်းရတိုင်း ပျော်ခဲ့တဲ့ အမေ . . .

ကျောင်းမှာ ရှိတဲ့ဆရာမတွေတောင် အံသြရတဲ့ အမေ . . .
ကျွန်တော့်ကို လိုလေသေးမရှိအောင် အရာရာလိုက်လျောခဲ့ပြီး စာကိုပဲအာရုံစိုက်စေခဲ့တဲ့ အမေ . . .
ဆရာမတွေက ပြောတယ် . . . မင်းစာတွေရတာ မင်းတော်တာမင်းကြောင့်မဟုတ်ဘူး . . . မင်းအမေကြောင့်တဲ့ . . .
ဟုတ်ပါတယ် အမေ . . . အမေဘေးမှာ အမြဲအားပေးမနေခဲ့ရင် ကျွန်တော် စာကြိုးစားမိမှာမဟုတ်ဘူး . . . အမှတ်တွေလည်းကောင်းခဲ့မှာ မဟုတ်ဘူး . . .

ဒါပေမယ့် ကျွန်တော် ညံ့ခဲ့ပါတယ် အမေ . . .
အမေ မျှော်လင့်ခဲ့သလို ကျွန်တော် ထိပ်ဆုံးမရောက်ခဲ့ဘူး . . .
ဒါပေမယ့် အမေ ဘယ်တော့မှ ကျွန်တော့်အပေါ်စိတ်မပျက်ခဲ့ပါဘူး . . .

ဆယ်တန်းပြီးတော့လည်း နိုင်ငံခြားမှာ ကျောင်းသွားတက်ရအောင် ကျူရှင်မျိုးစုံ သင်တန်းမျိုးစုံ တက်ခိုင်းတဲ့အမေ . . .
PSB ကို တက်ဖို့ အမေ အေးဂျင့်တွေဆီမှာ ရအောင်ပြောပေးပြီး ကျောင်းလျှောက်ပေးခဲ့တယ် . . . ကျွန်တော်ကတော့ အကြောက်အကန် မသွားဘူးလို့ မသိတတ်စွာနဲ့ ငြင်းခဲ့တယ် . . .

ဒါပေမယ့် အမေ တိုက်တွန်းတာ ကျွန်တော့်ဘဝအတွက် အမှန်ကန်ဆုံးဖြစ်ခဲ့ပါတယ် . . . တက္ကသိုလ်ကို မြန်မြန်နဲ့ ပြီးအောင်တက်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါတယ် . . .

အမေနဲ့ ညီလေး စင်ကာပူမှာရှိနေတာတောင် သြစတေးလျမှာ ကျောင်းတက်ချင်တယ်ဆိုပြီး ကျွန်တော် ပူဆာခဲ့ပြန်တယ် . . . ကျွန်တော် စိတ်ချမ်းသာရအောင် အမြဲ လိုက်လျောပေးခဲ့တယ် . . . အခုသြစတေးလျရောက်နေတဲ့ ကျွန်တော် အမေ့ကို အမြဲလွမ်းမိပါရဲ့ . . .

အရွယ်ရောက်လို့ ချစ်သူရည်းစား ကျွန်တော်ထားခဲ့ပြန်တော့လည်း အမေမကြိုက်ပေမယ့် ကျွန်တော်ပျော်အောင် ဘာမှ မပြောခဲ့ဘူး . . .
ကျွန်တော့် အပေါ်တင်မက ချွေးမလောင်းအတွက်ပါ စေတနာပိုခဲ့တဲ့ အမေ . . .

အမေ
ကျွန်တော်မသိတတ်ခဲ့ပါဘူး . . .

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အမေ . . .
စာတွေမှာ မိဘကျေးဇူး ကို မြင့်မိုရ်တောင်နဲ့နှိုင်းတယ် . . .

ဒါပေမယ့် အမေ့ အချစ် အမေ့ကျေးဇူးက သားအတွက်မြင့်မိုရ်တောင်ထက်ကြီးပါတယ် . . .
သား အပေါ်ထားခဲ့တဲ့ အမေ့မေတ္တာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး . . .

သားမသိတတ်ခဲ့ပါဘူး . . .
သား အမေ့အပေါ် ပြန်ပြီး ရန်တွေ့ခဲ့တာတွေရှိခဲ့တယ် . . .
သား အမေ့စေတနာကို စော်ကားခဲ့တာတွေရှိတယ် . . .
သားအတွက် အမေစိတ်ဆင်းရဲခဲ့ရတယ် . . .
သားအတွက် အမေ ပင်ပန်းခဲ့ရတယ် . . .

သား က သားမိုက်ပါအမေ . . .
ဒါပေမယ့် သားလိမ္မာအောင်ကြိုးစားပါ့မယ် . . .

သားသည်အမေ
မိုင်ရှည်တာဝေး
အပြေးသမား။ ။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ်လေလား။ ။
( မိခင်မာရသွန် - ကြည်အောင် )

အမေ . . .
သားအတွက် အမေ မနားတမ်း မာရသွန်ပြေးသလို ဂရုတစိုက် အရိပ်တကြည့် ချစ်ခဲ့တာ အမေ ပင်ပန်းသွားပါပြီ . . .
ဒါပေမယ့် ဘယ်တော့မှ အမေ ပန်းတိုင်ကို ခြေကုန်လက်ပန်းကျပြီး မဝင်ရပါဘူး . . .

အမေ မာရသွန်ဆက်မပြေးရတော့ပါဘူး . . .
နောက်နှစ်ဆို သား ဘွဲ့ရပါပြီ . . .
အမေပင်ပန်းခဲ့တာတွေအားလုံးကို အနားယူပြီး စိတ်ချမ်းချမ်းသာသာနေနိုင်ပါပြီ . . .
သား ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင်တော့မှာပါ . . .

အမေ့ကိုလုပ်ကျွေးပါရစေ အမေ . . .
ကျွန်တော်ချစ်တဲ့ အမေ့ကို ကျွန်တော့်ကြောင့် ပျော်ရွှင်ရတာ မြင်ချင်လို့ပါ . . .

သားအတွက် အမေအမြဲစိတ်ချမ်းသာနိုင်ပါစေ . . .
အမေ့ဘဝ နှောင်နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်အထိ ကျွန်တော်တို့မိသားစုတွေအတူတူနေထိုင်နိုင်မှာပါ . . .

အဝေးရောက်နေပေမယ့်လည်း ဘယ်တော့မှ အမေ့ကိုမမေ့ပါဘူး . . .
ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကျတဲ့ အမေ့မွေးနေ့မှာ အမေပျော်ရွှင်နိုင်ပါစေ . . .

အမေ့အနားမှာ မရှိလို့ အဝေးကနေပဲ ဦးခိုက်ကန်တော့ရင်း

~ သားကြီး

ကားလင်းဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ဒုတိယအကျော့

ယမန်နေ့က ကားလင်းဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ဒုတိယအကျော့ အဖြစ် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်ယူအသင်းက ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိသွားသဖြင့် နှစ်ပွဲပေါင်း ၄ ဂိုး ၃ ဂိုးဖြင့် မန်ယူအသင်းဖိုင်နယ်တက်ရောက်သွားပါတယ်။

မန်ယူအသင်းသည် ပထမပွဲစဉ်က ကစားသမားဟောင်းတိဗက်၏ ဂိုး၂ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ယခုပွဲစဉ်တွင်မူ စခိုးစ်၊ ကာရစ် နှင့် ရွန်နီတို့၏ ဂိုးများဖြင့် အနိုင်ရရှိသွားသောကြောင့် ဖိုင်နယ်သို့တက်ရောက်သွားခြင်းဖြစ်သည်။

မကြည့်လိုက်ရတဲ့သူတွေအတွက် Highlight တင်ပေးလိုက်ပါတယ်။

Tuesday, January 26, 2010

သူ/သူမ (၂)






ကာတွန်း - အော်ပီကျယ်

ယောက်ျားနဲ့မိန်းမ ကွာခြားပုံလေးတွေထပ်တင်ပေးလိုက်ပါတယ် ...
ဟုတ်ရင်မှန်ရင် လက်ထောင်ပါ :P

သူ/သူမ

ယောက်ျားနဲ့ မိန်းမ ဘာတွေများကွာခြားပါသလဲတဲ့။ ကာတွန်းအော်ပီကျယ်က ဒီလိုလေးသရုပ်ဖော်ပြထားပါတယ်။






ကာတွန်း - အော်ပီကျယ်

Australia Day

ဒီကနေ့ အိပ်ရာနိုးလို့ အင်တာနက်ပေါ်တက်လိုက်တော့ Google Search ရဲ့ ပုံလေးပြောင်းနေတာတွေ့ရပါတယ်။ ထုံးစံအတိုင်း ဘာအထိမ်းအမှတ်နေ့လဲသိချင်လို့နှိပ်ကြည့်လိုက်ပါတယ်။ တွေ့တဲ့ပုံလေးက ဒီပုံလေးပါ။



အဲပုံလေးပေါ်ကို နှိပ်ကြည့်လိုက်တော့ ဒီနေ့ က Australia Day မှန်းသိလိုက်ရပါတယ်။ တကယ်တော့ ဒီကနေ့က သြဇီမှ ရုံးပိတ်ရက် ကျောင်းပိတ်ရက် ဟောလီဒေးဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်း ကျောင်းတက်တဲ့သူတွေအကုန်လုံး ကျောင်းမသွားရပါဘူးတဲ့။
Australia Day ဆိုတာဘာလဲဆိုပြီး Wiki မှာရှာကြည့်လိုက်တော့ -
ဇန်နဝါရီ ၂၆ ရက်နေ့ဟာ Australia Day လို့သတ်မှတ်ပါတယ်တဲ့။ သြဇီကို ၁၇၈၇ခုနှစ်တုန်းက အင်္ဂလန်ကနေ သင်္ဘော ၁၁ စင်း ပါတဲ့ First Fleet စရောက်တာကို အမှတ်တရ အထိမ်းအမှတ် အဖြစ် သတ်မှတ်ထားတဲ့ နေ့ရက်ပါ။ သြဇီ အရှေ့ဘက်ကမ်းခြေ ကို အင်္ဂလိပ်တွေစရောက်ပြီး အလံစထူကာ Australia ဆိုတဲ့ နိုင်ငံကို ထူထောင်လိုက်တဲ့ အထိမ်းအမှတ်အနေနဲ့လည်းဖြစ်ပါတယ်။
ဒါကတော့ Australia Day ဆိုတာလေးအကြောင်းကို ရှာဖွေတွေ့ရှိတာပါ။
ယနေ့ သြဇီလူမျိုးတွေက သူငယ်ချင်းတွေနဲ့ စုဝေးပြီး BBQ လုပ်စားကြတယ်။ ပျော်ပွဲစားတွေထွက်ကြတယ်။ ကားတွေမှာလည်း သြဇီအလံလေးတွေလွှင့်လို့။ ပျော်ပျော်ပါးပါးဆင်နွှဲကြပါတယ်။ အခုအိမ်ဘေးမှာ သြဇီတွေစုပြီး ဘီယာတွေသောက် BBQ တွေလုပ် သီချင်းတွေဖွင့်နဲ့ တော်တော်ပျော်နေကြတဲ့ပုံပါပဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဲဒါတွေကိုတွေကို ကြည့်ပြီး ကိုယ့်မြန်မာပြည်အကြောင်းပြန်စဉ်းစားမိပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေက မြန်မာပြည်မှာ အများကြီးပါ။ ဒါပေမယ့် မြန်မာလူမျိုးတွေ ဘယ်လို အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲရမယ်ဆိုတာမေ့ကုန်ပြီထင်ပါရဲ့။ ကျွန်တော်ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို လမ်းထဲမှာ တခြားသူတွေနဲ့ အပြေးပြိုင်ပွဲတွေ အာလူးကောက်ပြိုင်ပွဲတွေ ပြိုင်ပွဲမျိုးစုံ ပျော်ပျော်ကြီး ဝင်ပြိုင်ဆင်နွှဲဖူးပါတယ်။ အဲတုန်းက ဇန်နဝါရီ လေးရက်နေ့ဆို အမြဲပျော်နေကြပါ။ ဘယ်တော့မှလည်းမမေ့ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း အဲလိုမျိုး ပျော်ပွဲရွင်ပွဲတွေ လုပ်တော့တဲ့ပုံမပေါ်ပါ။ဇန်နဝါရီလ လေးရက်ဆို လမ်းထဲမှာ ခြောက်ကပ်နေပါပြီ။ နေ့ထူးနေ့မြတ်တွေမှာ အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲကြတဲ့ပုံပေါ်တော့ပါဘူး။ တော်တော်လေးကို ဝမ်းနည်းမိတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ နောင်နှစ်တွေကြာလာရင် လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့ စတဲ့ နေ့ထူးနေ့မြတ်တွေက သာမန်ရုံးပိတ်ရက် ကျောင်းပိတ်ရက်လိုပဲ လူတွေရင်ထဲမှာရှိနေတော့မလား။ လွတ်လပ်ရေးနေ့ဆိုတာဘာလဲ၊ အမျိုးသားနေ့ရဲ့ အနှစ်သာရကဘာလဲ ဆိုတာတွေ ကျွန်တော်တို့ ညီလေးညီမလေးတွေစိတ်ထဲမှာ ကျန်ဦးမလားမသိ။ နောက် ဂျန်နရေးရှင်းတစ်ခုရဲ့ စိတ်ထဲမှာ မြန်မာလူမျိုးတွေရဲ့ အနှစ်သာရနဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။

နေတိုက်ရှိန်း

Monday, January 25, 2010

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၂)


အင်ဂျင်နီယာဖြစ်ချင်တဲ့ ကျွန်တော့် အတွေ့အကြုံလေးတွေဆက်ပြောပါမယ်။

Foundation Year တက်ပြီးသွားတော့ ပထမနှစ်ကို စတက်ရပါတယ်။ ပထမနှစ်က Foundation နှစ်နဲ့ ပုံစံမတူပြန်ဘူး။ Foundation Year က တကယ် နာမည်နဲ့လိုက်အောင် Foundation ပဲသင်ပေးလိုက်တာပါ။ ပထမနှစ်စတက်တော့ စာတွေပိုခက်တာတွေ့ရပါတယ်။ သင်္ချာနဲ့ ရူပဗေဒ တွေပိုမြင့်လာပါတယ်။ ရူပဗေဒမှာ ရိုးရိုးမသင်ပဲ Calculus တွေနဲ့တွက်နည်းတွေပါလာပါတယ်။ ဒါပေမယ့် Foundation အခြေခံရှိတော့ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး။ တကယ်ပြဿနာတတ်တာ အီလက်ထရစ်ကယ် ဘာသာရပ်တွေပါ။

တစ်ခါမှ မသင်ဖူးတဲ့ အကြောင်းအရာတွေကို စသင်ရတဲ့အခါ လူက ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ ဘယ်ဟာကို ဘယ်လိုမှတ်ရမယ် ကျက်ရမယ် တွက်ရမယ်ဆိုတာ သိကိုမသိလို့ပါ။ ပထမဆုံးပြဿနာက Computer Systems Engineering အခြေခံတွေဖြစ်တဲ့ လော့ဂျစ်ဂိတ်တွေ Flip Flop တွေပါ။ အဲဒီဘာသာရပ်ကို စသင်ရတော့ ဆယ်တန်းတုန်းက လော့ဂျစ်ဂိတ်သင်ဖူးတာကလွဲလို့ ဘာမှအခြေခံကို မရှိခဲ့ပါဘူး။ Karnaugh Map တို့ဘာတို့သင်တဲ့အခါ မနည်းလေ့ကျင့်ယူခဲ့ရပါတယ်။ တက္ကသိုလ်အဆင့်ရောက်လာတော့ ပရောဂျက်ဆိုတာကြီးနဲ့ စရင်ဆိုင်ရတာပါပဲ။ ဒီဘာသာမှာလည်း ပရောဂျက် သုံးခုလို့ထင်ပါတယ်၊ လုပ်ခဲ့ရပါတယ်။ အဲတုန်းက ဆရာမ အမှတ်ပေးတာကို မကျေနပ်လို့ ဆရာမနဲ့စကားများရပါသေးတယ်။ အခြေခံမရှိတဲ့ ကျွန်တော် ကြိုးစားပမ်းစားလုပ်ထားတဲ့ ပရောဂျက်ကို အကောင်းဆုံး အတော်ဆုံးသူရဲ့ ပရောဂျက်နဲ့နှိုင်းပြီး အမှတ်ကောင်းကောင်းမပေးလို့ပါ။ အတော်ဆုံးသူကိုတော့ ဘယ်မှီမလဲ။ ဒါပေမယ့် ကြိုးစားသလောက်တော့ ရချင်မိတာ အမှန်ပဲ။ ပရောဂျက် သုံးခုကို ယောင်လည်လည်နဲ့ Google အားကိုးပြီး ရအောင်လုပ်ခဲ့ပါတယ်။ ဘာမှတော့ သိပ်ပြီးမတတ်ခဲ့ပါဘူး။ ဒါပေမယ့် အမှတ်ကောင်းကောင်းနဲ့တော့ အောင်ခဲ့ပါရဲ့။ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ လို့ပဲ ထပ်ညဉ်းခဲ့ရပြန်ပါတယ်။

နောက်တစ်ခု PSB ရဲ့ အားနည်းချက်က ဆရာတွေ အသင်အပြမကောင်းတာပါပဲ။ တချို့ဆရာတွေကတော့ တော်တော်လေးကို ကျွမ်းကျွမ်းကျင်ကျင်သင်နိုင်ပေမယ့် တချို့ဆရာတွေကျတော့ အသင်အပြလုံးဝမကောင်းပါ။ ကွမ်တမ် ရူပဗေဒ နဲ့ Semiconductor တွေအကြောင်း သင်ခဲ့ရပေမယ့် နားမလည်ခဲ့ပါဘူး။ ဆရာရဲ့အသင်အပြမကောင်းသလို စမ်းသပ်ခန်းမှာလည်း ပစ္စည်းအစုံအလင်နဲ့ မသင်ခဲ့ရပါဘူး။ နောင် အင်ဂျင်နီယာဖြစ်လို့ အဲဒီ အပိုင်းမှာ အလုပ်လုပ်ရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို တော်တော်ရင်လေးမိပါတယ်။

နောက်ထပ်တစ်ခုကတော့ ဆရာရဲ့ပညာပြမှုကို ခံရတာပါပဲ။ ဆားကစ်တွေအကြောင်းသင်တဲ့ဆရာတစ်ယောက်ပါ။ သူစာသင်တာတော့ မဆိုးလှပါ။ နားလည်နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ အခန်းထဲက တခြားကျောင်းသားတွေနဲ့ မတည့်ပါဘူး။ အဲဒါကြောင့် စာမေးပွဲတွေမှာ ပညာပြပြီး ခက်ခက်ခဲခဲပုစ္ဆာတွေမေးပြီး ပညာပြပါတယ်။ ပြီးတော့ အမှတ်တွေကိုလည်း ကပ်စီးနဲပါတယ်။ Mid Semester ကို အောင်သူ ၃ယောက်ပဲရှိခဲ့ပါတယ်။ ကျတဲ့သူတွေက မညံပါ။ ကြိုးစားပြီးဖြေသော်လည်းကျကြပါသည်။ ဒီလိုနဲ့ အဲဒီဘာသာကို မနဲမကျအောင်ဖြေဆိုခဲ့ရပါတယ်။ အောင်ခဲ့ပေမယ့် အမှတ်မကောင်းခဲ့ပါ။

တကယ်ကိုမလွယ်ပါ။ တစ်နှစ်နဲ့ တစ်နှစ်ကြာလာလေ ပိုပြီးတော့ ခက်ခက်လာလေပါပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စာမေးပွဲတိုင်းကို အောင်အောင်လုပ်ခဲ့ပါတယ်။ တချို့ဘာသာတွေလည်း ဆရာတွေ သင်တာကောင်းလို့ အမှတ်ကောင်းကောင်း ရခဲ့ပါတယ်။ ဖြစ်ခင်ဦးဟဲ့ အင်ဂျင်နီယာလို့ထပ်ညဉ်းမိပါသေးတယ်။ ဒါပေမယ့် ကြိုးစားရင်းနဲ့တော့ ဆက်ဖြစ်ချင်နေဆဲပါပဲ။

နောက်ပို့စ်မှာတော့ Programming ဘယ်လိုဒုက္ခစတွေ့လည်းဆိုတာပြောပြပါဦးမယ်။

အနက်ရောင် စာမျက်နှာ နှင့် ကျွန်တော်


စာရွက်က ထူးဆန်းသည်။ ကျွန်တော့်ဘောပင် အနက်ရောင်ကား မထင်။ တကယ်တော့ စာမျက်နှာ တစ်ခုလုံးက အနက်ရောင်ဖြစ်နေသည်ကိုး။ ဘာလို့ စာရွက်က အနက်ဖြစ်နေရတာလဲ။ စာရွက်လေးကို ကျွန်တော်အပြစ်တင်မိသည်။ တခြားသူတွေ ဖြူနေချိန်မှာ သူကဘာလို့ နက်နေရတာလဲ။ ကျွန်တော် အနက်ရောင်ဘောပင်ကြိုက်တတ်တာကို ဒီစာရွက်က မသိလို့လား။ မှင်နက်ထင်အောင် ဖြူပေးစမ်းပါလို့ စာရွက်လေးကိုပြောမိသည်။ ရေးချချင်လို့ပါ အနက်ရောင်ခံစားချက်တွေ။ ရေးခွင့်မပေးရလောက်အောင် ဘာလို့ တစ်ကိုယ်ကောင်းဆန်နေတာလဲ။


ကျွန်တော်သည် ထူးဆန်းသည်။ အနက်ရောင် စာရွက်တစ်ရွက်ကိုပင် အပြစ်တင်မိသေးသည်။ စာရွက်က အစကတည်းက နက်ပြီးသားဖြစ်သည်။ နက်နေတာကို အတင်းအကျပ်ဖြူခိုင်းလို့မရ။ အတ္တတွေ။ အတ္တတွေ။ တကယ်တော့ အနက်ပေါ်အနက်ထပ်ရေးမိနေသည်ကိုက ကျွန်တော့်အမှား။ အရာမထင်တဲ့ ခံစားချက်တစ်ခုကို ဘာလို့ ကောက်ကြောင်းတွေထင်အောင် ကျွန်တော်ဆွဲနေမိလဲမသိ . . .


နေတိုက်ရှိန်း ရောက်တတ်ရာရာ ထင်ရာမြင်ရာ ရေးထားသည်။

( အိပ်မပျော်သောကြောင့် )

ဥာဏ်စမ်း (၁)


ပျင်းပျင်းရှိတာနဲ့ ဥာဏ်စမ်းလေးတွေရှာပြီးတင်ပေးလိုက်ပါတယ်။ အခုတစ်ခါတော့ ငါးခုထဲပေါ့။

ဘယ်နှစ်ခုကို အဖြေမကြည့်ဘဲမှန်အောင်ဖြေနိုင်သလဲ။ ကွန်မန့်ထဲမှာပြောသွားနော်။

မေးခွန်းလေးတွေက

၁။ ဘယ်ဟာကပိုလေးလဲ။ ရွှေတုံး တစ်ကီလိုနဲ့ ငှက်တောင်မွှေး တစ်ကီလို ။

၂။ ပန်းသီး ငါးလုံးရှိရာက သင်သုံးလုံးယူလိုက်လျှင် သင့်တွင် ပန်းသီးမည်မျှကျန်မည်နည်း။

၃။ အပြေးပြိုင်ပွဲတွင် ဒုတိယနေရာမှ လူကိုသင်ကျော်တက်လိုက်လျှင် သင်မည်သည့်နေရာရောက်သွားမလဲ။

၎။ သင်ပိုင်ဆိုင်တဲ့ အရာတစ်ခုပဲ။ ဒါပေမယ့် တခြားသူတွေက အဲဒါကို သင့်ထက်ပိုအသုံးပြုတယ်တဲ့။ အဲဒါဘာလဲ။

၅။ ကမ္ဘာကြီးကို ပတ်သွားနိုင်ပေမယ့် ဒေါင့်တစ်ဒေါင့်မှာပဲ အမြဲရှိနေတာဘာလဲ။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

အဖြေကတော့ -

၁။ အတူတူပါပဲ။ နှစ်ခုလုံးတစ်ကီလိုလေးပါတယ်။

၂။ ငါးလုံးထဲက သုံးလုံးယူလိုက်ရင် သင့်မှာ သုံးလုံးကျန်မှာပါ။ နှစ်လုံးမဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်ပါ။

၃။ ပထမ မဟုတ်ပါ။ ဒုတိယကို ကျော်တက်ရင် ဒုတိယပဲဖြစ်နေမှာပါ။

၎။ သင့်နာမည်ပါ။

၅။ တံဆိပ်ခေါင်းပါ။

Sunday, January 24, 2010

ကျွန်တော် သစ်ပင်



ကျွန်တော်ဟာ သစ်ပင်တစ်ပင်ဖြစ်ခဲ့မယ်ဆိုရင် …
ကျွန်တော်က ဘယ်လိုသစ်ပင်မျိုးလဲ။ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုသစ်ပင်မျိုးဖြစ်ချင်မိလဲ။

ကျွန်တော်က လူတစ်ယောက်ယောက်ရဲ့ အနားကထွက်သွားလို့မရအောင် အစိုက်ခံထားရတဲ့ အထီးကျန် သစ်ပင်တစ်ပင်လား …
ဒါမှမဟုတ် သစ်တောထဲမှာ အခြားသစ်ပင်တွေနဲ့ ရစ်ပတ်နွယ်ရင်း ရှင်သန်နေတဲ့ သစ်ပင်တစ်ပင်လား …

ကျွန်တော့်ကို ဘယ်လိုလူမျိုးက ပိုင်ဆိုင်မလဲဆိုတာတွေးမိပါရဲ့။ ကျွန်တော့်ပိုင်ရှင်က ကျွန်တော့်ကို ခုတ်လှဲပြီး သူလိုရာသုံးမယ့်သူမျိုးလား …

ကျွန်တော်ကိုယ်တိုင်က သစ်ပင်ဘဝကနေ တခြားပုံစံတွေပြောင်းသွားချင်ရဲ့လား …
လှေတစ်စင်းအဖြစ်နဲ့ နေရာတကာကို ရွက်လွင့်သွားမယ့် ဘဝမျိုးကို လိုချင်မိလား …
ဒါမှမဟုတ် ဗီရိုလေးတစ်လုံးဖြစ်ပြီး ပိုင်ရှင်သိမ်းထားချင်တဲ့ အရာတွေကို သိမ်းဆည်းပေးမယ့် သစ်ပင်တစ်ပင်လား …
သစ်ပင်ကနေ တခြားဘဝကိုရောက်တော့မသွားချင် … လေပြည်လေးတွေ တိုက်ခတ်ရင်း အေးချမ်းရတဲ့ သစ်ပင်ဘဝကိုပဲ လိုချင်မိမှာ အမှန်ပဲ …

ဒါပေမယ့် မုန်တိုင်းတွေ တိုက်ခတ်လာရင်ကော … ရက်စက်မယ့်မုန်တိုင်းအောက်မှာ ကျလဲရမယ့် သစ်ပင်တစ်ပင်လား …
မဖြစ်သေးဘူး … မုန်တိုင်းဒဏ်ခံနိုင်အောင် ကျွန်တော့် အကိုင်းအခက် လက်တွေခြေတွေကို တတ်နိုင်သလောက် ဖြန့်ပစ်လိုက်မယ် … မပြိုလဲပါရစေနဲ့ …
တကယ်တော့ လူတိုင်းအပေါ် အေးချမ်းစေမယ့် သစ်ပင်ကြီးတစ်ပင် ဖြစ်ချင်တာပဲ … ဒီအရိပ်ကိုလည်း အားလုံး နှစ်သက်မှာပဲ …

နေသာတဲ့နေ့တစ်နေ့မှာ ကောင်မလေးတစ်ယောက် ကျွန်တော့်အရိပ်အောက်ကို နားခိုလာတယ် …
ကောင်မလေးရယ် အရိပ်အောက်ကထွက်မသွားပါနဲ့ … နင်ထိုင်နားဖို့  ငါ့အသည်းနှလုံးကို ခုံတန်းလေးလုပ်ပေးထားမယ် …
မိုးတွေရွာလာခဲ့ရင်လည်း နင်ရေမစိုပါဘူး … ငါကာကွယ်ပေးပါ့မယ် …
တကယ်တော့ ကျွန်တော်က အထီးကျန်သစ်ပင်ပါ … ဟိုးအမြင့်က တောင်ကုန်းလေးပေါ်မှာပေါ့ …
အခုတော့ အထီးမကျန်တော့ဘူး … အချစ်အရိပ်အောက်မှာ ကောင်မလေးတစ်ယောက်နားခိုလေရဲ့ …

ဒါပေမယ့် မိုးတိတ်သွားတယ် … ကောင်မလေး ကျွန်တော့်ကို ခွဲခွာတော့မယ် …
မသွားပါနဲ့လို့တားလိုက်ချင်ပါတယ် … ဒါပေမယ့် ကျွန်တော်သစ်ပင် တားဖို့စကားလုံးတွေမရှိ …
ဝေးဝေးလှမ်းသွားတဲ့ ခြေလှမ်းတွေကို ကြည့်ပြီး ငိုမိတယ် … မျက်ရည်သစ်ရွက်ကလေးတွေ မြေခလို့ …
ကျွန်တော် သစ်ပင်ရဲ့ ဒိုင်ယာရီမှာ ရာသီတွေပြောင်းပြောင်းသွားမှာပဲ …
ဒါပေမယ့် ပြန်လာချင်ရင် ပြန်ခဲ့ပါ … ဒီနေရာက မရွေ့ပါဘူး …
ဖြစ်နိုင်ရင် ကောင်မလေးရှိတဲ့နေရာကို အကိုင်းအခက်တွေဖြန့်ပေးလိုက်ချင်တယ် … ကိုယ့် ချစ်ရိပ်မှာပြန် နားခိုပါ …

ကောင်မလေးက သူမပိုင်ဘူးထင်နေပေမယ့် ... ကျွန်တော့်ပိုင်ရှင် သူတစ်ယောက်ထဲ ...
ကျွန်တော်က တစ်စုံတစ်ယောက်အနားကထွက်သွားလို့ မရအောင် စိုက်ခံထားရတဲ့ သစ်ပင်တော့မဟုတ်ဘူး …
ဒါပေမယ့် တစ်စုံတစ်ယောက် အနားလာအောင် စောင့်မျှော်နေရတဲ့ … အထီးကျန် သူ့ရဲ့ အရိပ်ရသစ်ပင်လေး …

စာရေးဆရာမ ဂျူး ၏ “ ကျွန်မ၏သစ်ပင် ” ဝတ္ထုကို ဖတ်ပြီး နေတိုက်ရှိန်း တွေးတောရေးသားပါသည်။

Sixth Sense Technology


ကြည့်ကြည့်ပါ။ နောက်ပိုင်းပေါ်လာမည့် နည်းပညာသစ်ပါ။ ကေသရာဇာရဲ့ Facebook မှာတွေ့လို့ ကြည့်မိတာပါ။ တော်တော်လေးကို impressive ဖြစ်ဖို့ကောင်းပါတယ်။ ကျွန်တော်တော့ တော်တော်ကြိုက်သွားပါတယ်။ အကယ်လို့သာ အဲဒီနည်းပညာနဲ့ လူသုံးပစ္စည်းတွေပေါ်လာခဲ့ရင် . . .



ဒီဟာလေးကတော့ Youtube မှာရေးပြထားတဲ့ Description ပါ။

“ At TEDIndia, Pranav Mistry demos several tools that help the physical world interact with the world of data -- including a deep look at his SixthSense device and a new, paradigm-shifting paper "laptop." In an onstage Q&A, Mistry says he'll open-source the software behind SixthSense, to open its possibilities to all. ”


ဒီနည်းပညာကို တီထွင်တဲ့သူက တစ်ခြားလူတွေ မှီငြမ်းပြီး အသုံးပြုလို့ရအောင် ဒီဆော့ဖ်ဝဲလ်ကို Open Source လုပ်ပေးမှာဖြစ်ပါတယ်တဲ့။

နေတိုက်ရှိန်း

P.S. ဒီမူဗီကို Share ပေးတဲ့ ကေသရာဇာကို ကျေးဇူးတင်ပါတယ်။

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၁)


ကျွန်တော် အခုဆို လျှပ်စစ်အင်ဂျင်နီယာဘွဲ့တက်နေတာ နောက်ဆုံးနှစ်ရောက်နေပါပြီ။ ကျွန်တော်တက်ခဲ့တဲ့ ဘာသာရပ်တွေနဲ့ ကျွန်တော့်အတွေ့အကြုံတွေကို ကျွန်တော့်နောက်မှာ ဘာသာရပ်တူတူတက်နေတဲ့ သူငယ်ချင်းတွေ နဲ့ အင်ဂျင်နီယာဘာသာတက်ချင်တဲ့ သူတွေ သိအောင်၊ အတူတူတက်ခဲ့တဲ့ သူငယ်ချင်း ခြောက်ယောက်အတွက်ကတော့ အမှတ်တရဖြစ်အောင်လို့ စဉ်းစားလို့မှတ်မိသမျှ ပြန်ပြောပြတာဖြစ်ပါတယ်။ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ ခေါင်းစဉ်ပေးထားလို့ ကျွန်တော်အင်ဂျင်နီယာတက်ရတာကို နောင်တရတယ်လို့မထင်စေချင်ပါ။ တစ်ခါတစ်လေ ခက်ခက်ခဲခဲကြုံတွေ့ရရင် ကျွန်တော်အဲလိုလေး ညဉ်းမိလို့ပါ။ သူငယ်ချင်းတို့လည်း တခါတခါ ညဉ်းမိမယ် ထင်ပါရဲ့။

ကျွန်တော် ငယ်ငယ်တုန်းက တော့ အဖေအမေ အင်ဂျင်နီယာ နှစ်ယောက်ကို ကြည့်ပြီး အင်ဂျင်နီယာအရမ်းဖြစ်ချင်ခဲ့တာပေါ့။ ကြီးလာတော့လည်း ဘာတက်မလဲ ဆုံးဖြတ်တော့ လျှပ်စစ် အင်ဂျင်နီယာတဲ့။ ဆယ်တန်းတုန်းက စာကျက်တတ်တဲ့ အကျင့်ရှိလာတော့ အင်ဂျင်နီယာ တက်လည်း လွယ်မယ်ထင်မိတာပေါ့။ စာဆိုတာ ကျက်တတ်ရင်ရမှာပဲလို့ ထင်ခဲ့တယ်လေ။

ဆယ်တန်းပြီးပြီးချင်းကို ပဲ စင်္ကာပူကိုစရောက် PSB မှာ Foundation စတက်တာပေါ့။ အဲဒီမှာတင်စပြီး အင်ဂျင်နီယာဖြစ်ဖို့ ဘာတွေလိုမလဲဆိုတာကို နဖူးတွေ့ ဒူးတွေ့ တွေ့တော့တာပဲ။ ဆယ်တန်းတုန်းက သင်္ချာကို သေချာလုပ်ခဲ့လို့ Foundation Maths မှာ အစပိုင်း လွယ်လွယ်ကူကူလိုက်နိုင်ပေမယ့် Integration စသင်ကော ရွာပတ်တော့တာပဲ။ ဘယ်တုန်းကမှ မလေ့လာဖူးတဲ့ Integration ကြီးကို ရင်ဆိုင်ရတဲ့ အခါ ဆယ်တန်းတုန်းက သင်္ချာဆရာကို ပြန်သတိရမိရဲ့။ ဆယ်တန်းတုန်းက သေသေချာချာ လင်္ကာလေးတွေနဲ့ Differentiation ကို ဆရာက သင်ပေးတုန်းကတော့ လွယ်လွယ်ကူကူနဲ့တတ်ပါရဲ့။ အခုကျတော့ ကိုယ့်ကို မှတ်မိနေစေမယ့် လင်္ကာလေးတွေလည်းမရှိ၊ အစိမ်းသက်သက်ကြီးသင်ရတာဆိုတော့ သင်္ခါရပါပဲ။ သင်တဲ့အခါမှာပဲရတယ်လေ။ အဲအချိန်ကစပြီး သိလိုက်တာတစ်ခုက အင်ဂျင်နီယာဖြစ်ချင်ရင် သင်္ချာပိုင်ရမယ်ဆိုတာပါပဲ။ သင်္ချာကို အလွတ်ကျက်တတ်ရုံနဲ့မရ၊ များများလေ့ကျင့်ဖို့လိုတယ်ဆိုတာကို စသိရတော့တာပါ။ သင်္ချာထက်ပိုဆိုးတာက ရူပဗေဒပါ။ အင်ဂျင်နီယာဖြစ်ချင်ရင် ရူပဗေဒကလည်းအရေးကြီးပါတယ်။ Foundation ရူပဗေဒ ကို စသင်တော့ တော်တော်ခက်တာကို တွေ့ပါတယ်။ သင်တဲ့ဆရာကလည်း မြင့်မြင့်တွေ သင်တော့ မနည်းနားလည်အောင်လိုက်လုပ်ရပါတယ်။ အဲဒီဆရာက အခန်းထဲမှာ အမြဲပုစ္ဆာတွေထွက်တွက်ခိုင်းပါတယ်။ သူတွက်ခိုင်းတဲ့ ပုစ္ဆာတွေက လည်းခက်ခက်တွေချည်းပါပဲ။ အတန်းရှေ့မှာ မတ်တတ်ကြီးရပ်ပြီးတော့ အကြာကြီးကို တွက်ရတဲ့ အကြိမ်ပေါင်းမနည်းကြုံခဲ့ပါတယ်။ သင်တဲ့အချိန်တုန်းကတော့ အဲဒီဆရာကို တော်တော်ကို အမြင်ကတ်ခဲ့ပါတယ်။ ဒါပေမယ့် စာမေးပွဲရောက်တော့မှ တော်တော့်ကို ကျေးဇူးတင်မိသွားတယ်။ သူသင်ပေးတာတွေ များများတွက်ခိုင်းခဲ့တာတွေကြောင့် အခြေခံကောင်းကောင်းရပြီး စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။

အဲအချိန်ကတည်းက စပြီး သတိထားမိလာပါတယ်။ တက္ကသိုလ်ဆိုတာ ဆယ်တန်းလို မဟုတ်ဘူး၊ ဘယ်သူမှ အဆင်သင့် ဘာကျက်ရမယ် ဘာတွက်ရမယ်ဆိုပြီး လာမပေးပါဘူး။ ကိုယ်တိုင်ကြိုးစားမှသာ တကယ်တတ်နိုင်မယ်လို့ စသိခဲ့ပါတယ်။ ပြီးတော့ အင်ဂျင်နီယာ ဖြစ်ချင်ရင် ရူပဗေဒ တတ်ရမယ်။ သင်္ချာကို ကျွမ်းကျင်ရမယ် ဆိုတာကို သိသွားပါတယ်။ Foundation နှစ်ကတော့ ကျွန်တော်စပြီး ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ ညဉ်းမိတဲ့ နှစ်လေးပေါ့။

အောက်ကပုံလေးကတော့ Foundation Year အမှတ်တရလေးပါ။ သင်္ချာဆရာနဲ့ အတူတူရိုက်ထားတာပါ။

Phobia သို့မဟုတ် ကြောက်စိတ်


ဒီတစ်ခါတော့ ဗဟုသုတရအောင် Phobia အကြောင်း တင်ပေးလိုက်ပါတယ်။ Phobia ဆိုတာ တစ်ခုခုကို ကြောက်တတ်တာကိုပြောတာပါ။ ဥပမာ ပင့်ကူကိုကြောက်တာတို့၊ အမြင့် ကြောက်တာ၊ လူတွေနဲ့ဆက်ဆံရတာကိုကြောက်တာ စသည်ဖြင့်ပေါ့။ တစ်ချို့Phobia တွေက လူတော်တော်များများမှာ ရှိလေ့ရှိတဲ့ ကြောက်စိတ်တွေပါ။ တစ်ချို့ ကျတော့ ထူးထူးဆန်းဆန်း ကြောက်တတ်ပြန်ပါသတဲ့။

လူတော်တော်များများမှာ ရှိတတ်တဲ့ Phobia တွေကတော့

၁။ Arachnophobia
ပင့်ကူကြောက်တတ်တဲ့ Phobia ပါ။

၂။ Ophidiophobia
မြွေကိုကြောက်တတ်တဲ့ Phobia ပါ။

၃။ Acrophobia
အမြင့်ကြောက်တတ်တဲ့ Phobia ပါ။

၎။ Agoraphobia
လူတွေရုန်းရင်းဆန်ခတ်ဖြစ်ပြီးလွတ်မြောက်ဖို့မလွယ်တဲ့ အခြေအနေကို ကြောက်တဲ့ Phobia ပါ။

၅။ Cynophobia
ခွေးကြောက်တတ်တဲ့ Phobia ပါ။

၆။ Astraphobia
မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာကိုကြောက်တတ်တဲ့ Phobia ပါ။

၇။ Trypanophobia
ဆေးထိုးခံရမှာကို ကြောက်တတ်တဲ့ Phobia ပါ။

၈။ Social Phobias
လူတွေနဲ့ ဆက်ဆံရမှာကို ကြောက်တဲ့ Phobia ပါ။

၉။ Pteromerhanophobia
လေယာဉ်ပျံ စီးရတာကို ကြောက်တတ်တဲ့ Phobia ပါ။

၁၀။ Mysophobia
ရောဂါပိုးမွှားနဲ့ ညစ်ပတ်ပေရေနေတာကို ကြောက်တတ်တဲ့ Phobia ပါ။

အထက်မှာဖော်ပြခဲ့တဲ့ Phobia တွေက လူတွေမှာ တွေ့ရတာများတဲ့ Phobia တွေပါ။ တစ်ချို့လူတွေကျတော့လည်း ရှာရှာကြံကြံကြောက်တတ်ကြသတဲ့။

ထူးထူးဆန်းဆန်း Phobia တွေကတော့ -

၁။ Chromophobia
အရောင်တွေကို ကြောက်တတ်တဲ့ Phobia ပါ။

၂။ Euphobia
သတင်းကောင်းတွေ ကြားရမှာကို ကြောက်တတ်တဲ့ Phobia ပါ။

၃။ Japanophobia
ဂျပန်တွေကို ကြောက်တတ်တဲ့ Phobia ပါ။

၎။ Plutophobia
ချမ်းသာမှာကို ကြောက်တတ်တဲ့ Phobia ပါ။

၅။ Dendrophobia
သစ်ပင်တွေကို ကြောက်တတ်တဲ့ Phobia ပါ။

၆။ Telephonophobia
တယ်လီဖုန်းတွေကို ကြောက်တတ်တဲ့ Phobia ပါ။

၇။ Geliophobia
ရယ်မောခြင်းကို ကြောက်တတ်တဲ့ Phobia ပါ။

၈။ Peladophobia
ထိပ်ပြောင်တဲ့ သူတွေကို ကြောက်တတ်တဲ့ Phobia ပါ။

၉။ Pentheraphobia
ယောက္ခမကို ကြောက်တတ်တဲ့ Phobia ပါ။

၁၀။ Triskadekaphobia
နံပါတ် ၁၃ ကိုကြောက်တတ်တဲ့ Phobia ပါ။

ကြောက်တတ်တဲ့စိတ်တွေမျိုးစုံကို နာမည်မျိုးစုံပေးနိုင်တာ တော်တော်ထူးဆန်းပါတယ်။

လူတွေမှာတော့ တစ်ယောက်တစ်မျိုးစီ Phobia ရှိမှာပါပဲ။
ကျွန်တော်တို့လို ကျောင်းသားတွေမှာ ရှိတတ်တဲ့ Phobia တစ်ခုရှိပါတယ်။ Exam Phobia ပေါ့။


ကျွန်တော့်မှာတော့ Acrophobia ရှိပါတယ်။ အရမ်းအမြင့်ကို ရောက်ရင် စိတ်ထဲမှာ ခံရခက်ပါတယ်။ သူငယ်ချင်းတို့မှာလည်း ဘာ Phobia တွေရှိလဲ ပြောပြပါဦး။ ကွန်မန့်ထဲမှာ ရေးပေးသွားနော်။

Source: about.com, etc

ဟာသ (၆)

ဟာသလေးတွေထပ်တင်ပေးလိုက်ပါတယ်။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

၁။
ဦးလောဘဟာ ကိုယ်ကျိုးကိုပဲကြည့်တတ်သူဖြစ်ပါတယ်။ သူ့လက်အောက်မှာ အလုပ်လုပ်တဲ့သူအကုန်လုံးကို တန်အောင်ခိုင်း မနားမနေခိုင်းတတ်ပါသတဲ့။ အလုပ်ဆင်းလို့အိမ်ပြန်ရင်ကိုပဲ အိမ်မှာလုပ်ခဲ့ဖို့ အလုပ်တွေပေးပေးလိုက်တဲ့သူမျိုးပါ။ တစ်နေ့တော့ အရောင်းစာရေးကြီးရဲ့အသံကို ဦးလောဘအခန်းထဲကနေ ကျယ်ကျယ်လောင်လောင်ကြားလိုက်ရတယ်။ ဦးလောဘကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်စကားပေါ့ -

“ ဆရာရယ်၊ ကျေးဇူးတင်လိုက်တာ။ ဆရာ့ရဲ့ကြင်နာသနားမှုကို ကျွန်တော်အမြဲသတိရနေမှာပါ။ ကျေးဇူးပါပဲ ” ဆိုတဲ့စကားပေါ့။

ဒီစကားကြောင့် ဝန်ထမ်းအားလုံးအကုန်အံ့အားသင့်နေကြတယ်။ အရောင်းစာရေးကြီးလည်းထွက်လာရော အားလုံးဝိုင်းမေးကြတယ်။

“ ဘယ်လိုတုန်း စာရေးကြီး၊ ဘော့စ်က ခင်ဗျားကိုဘာပေးလိုက်လို့လဲ ”

“ ခွင့်ယူတာ မပေးလို့ပါ ”

“ ဗျာ၊ ဒါနဲ့များ ကျေးဇူးတင်နေရသေးလား ”

“ တင်ရတာပေါ့။ မိန်းမက ဈေးဝယ်ထွက်ဖို့ခွင့်ယူခိုင်းတာကိုးဗျ ”


၂။
“ ဦးလေး . . ဦးလေး . . ကျွန်တော့်ကို ငွေတစ်သောင်းလောက် ချေးပါလား။ မိန်းမက မရရအောင်ရှာခဲ့တဲ့။ ပိုက်ဆံမရဘဲ အိမ်ကို မပြန်ရဲလို့ပါ ဦးလေးရယ် ”

“ ငါ့တူရယ်၊ မင်းကို ပိုက်ဆံတော့ ချေးချင်ပါရဲ့။ မင်းအဒေါ်အကြောင်းလဲသိသားနဲ့၊ ချေးမိရင် ငါလည်း အိမ်ပြန်ရဲမှာ မဟုတ်ဘူးကွ ”


၃။
“ ဟဲလို မောင်စိုးလား ”

“ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ ”

“ ငါပါ သံချောင်းပါ။ ဆယ်တန်းတုံးက တူတူထိုင်ခဲ့ကြတာလေကွာ ”

“ သြော် အေး မှတ်မိပြီ ”

“ အမှတ်သုံးကျောင်းမှာ နေခဲ့တဲ့ မောင်စိုးနော် ”

“ ဟုတ်ပါတယ် သံချောင်းရ ”

“ မင်းမောင်စိုးဟုတ်တာသေချာတယ်နော်၊ မင်းအသံကတစ်မျိုးပဲ ”

“ အအေးမိ လည်ချောင်းနာနေလို့ အသံတစ်မျိုးဖြစ်နေတာပါ ”

“ မောင်စိုး ဟုတ်တာသေချာရင် ငါပြောမယ် ”

“ ဟုတ်ပါတယ်၊ မောင်စိုးပါ ”

“ အေး၊ တခြားမဟုတ်ဘူးကွာ။ ငါငွေတစ်သောင်းလောက် ချေးချင်လို့ကွ ”

“ အေး ကောင်းပြီလေ၊ မောင်စိုးပြန်လာရင် ငါပြောလိုက်မယ် ” - ဖုန်းချသွားလေသည်။


၎။
“ တရားခံ၊ မင်းအမှန်အတိုင်းပြောပါ ”

“ တရားသူကြီးမင်းက ထောင်မချပါဘူးလို့ ကတိပေးလေဗျာ ”


၅။
“ အားလုံးမြင်ရရဲ့လား မောင် ”

“ အင်း ”

“ ဘေးက လက်တင်တဲ့အတန်းကော ကောင်းရဲ့လား ”

“ ကောင်းပါတယ် မေရဲ့ ”

“ ထိုင်ရတာ အားလုံးအဆင်ပြေတယ်နော် ”

“ ပြေပါတယ် မေ ရဲ့ ”

“ ဒါဆို နေရာချင်းလဲထိုင်ရအောင် နော် ”

မန်ယူ ၄-၀ ဟောလ်စီးတီး


ယမန်နေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ဟောလ်စီးတီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။

မန်ယူအသင်းသည် ဟောလ်စီးတီးအသင်းအပေါ် အသာစီးကစားနိုင်ခဲ့ပြီး တိုက်စစ်မှုး ဝိန်းရွန်နီ အထူးခြေစွမ်းပြကာ တစ်ဦးတည်း လေးဂိုးသွင်းယူသွားခြင်းဖြစ်သည်။ မန်ယူအတွက်ဂိုးများကို ပွဲချိန် ၈မိနစ်၊ ၈၃မိနစ်၊ ၈၆မိနစ် နှင့် ၉၀မိနစ်များတွင် သွင်းယူပေးသွားခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် မန်ယူအသင်းသည် ပရီးမီးယားလိဒ် အမှတ်ပေးဇယားကို ယာယီဦးဆောင်ထားလိုက်ပြီဖြစ်သည်။ သို့သော် အာဆင်နယ်နှင့် ချဲလ်ဆီးတို့ ပွဲကျန်များရှိနေသေးသောကြောင့် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ယခုပွဲတွင် ခြေစွမ်းပြသွားသော ဝိန်းရွန်နီသည် ယခုပွဲသွင်းဂိုး လေးဂိုးကြောင့် ပရီးမီးယားလိဒ် ဂိုးသွင်းသူအများဆုံး အဖြစ် ၁၉ဂိုးဖြင့်ဦးဆောင်နေသည်။

မန်ယူအသင်းတွင် ဂိုးသမားဗန်ဒါဆားဆက်လက်ပါဝင်လာသည်ကိုတွေ့ရသည်။ နောက်တန်းတွင် ဒဏ်ရာကြောင့် အနားယူနေသူ ဖာဒီနန်ပြန်ပါလာပြီး အီဗန်၊ ရာဖေးလ် ဒါဆေးဗား နဲ့ အီဗရာတို့ပါဝင်ခဲ့သည်။ အလယ်တန်းတွင် နာနီ၊ ပတ်ဂျီဆန်၊ စခိုးစ် နှင့် ဖလက်ချာတို့ကစားခဲ့ပြီး တိုက်စစ်မှုးအဖြစ် ရွန်နီနှင့် အိုဝင်တို့ ပါဝင်ခဲ့သည်။

မန်ယူအသင်းသည် ပထမပိုင်းပွဲ အစမှာပင် ဟောလ်စီးတီးကို အသာစီးကစားနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်းပွဲစပြီး ၈မိနစ်တွင် စခိုးစ် ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်လိုက်ရာ ရွန်နီကအသာစောင့်ပြီး သွင်းယူလိုက်သောကြောင့် ပထမဂိုး စတင်ရရှိသွားသည်။ ထို့နောက် မန်ယူအသင်းကဆက်လက်ဖိကစားခဲ့ပြီး ရွန်နီ၊ အိုဝင် တို့ ဂိုးပေါ်က်လွဲနေသောကြောင့်သာ ပထမပိုင်း ဂိုးထပ်မရခြင်းဖြစ်သည်။ အထူးသဖြင့် နာနီ ယနေ့ပွဲတွင် တစ်ကိုယ်ကောင်းမဆန်ဘဲ ဖြတ်တင်ဘောများကို ကောင်းမွန်စွာပေးပို့ပြီး ခြေစွမ်းပြကစားနိုင်သည်။

ဒုတိယပိုင်း ကစားရာတွင်လည်း မန်ယူအသင်းကသာ အသာစီးထားနိုင်ခဲ့သည်။ ရွန်နီ နှင် အိုဝင်တို့ ဂိုးထပ်ရရန်ကြိုစားသော်လည်း ဒုတိယပိုင်းအစတွင် ဂိုးကံခေနေသည်။ ဟောလ်စီးတီးက တန်ပြန်တိုက်စစ်ဖြင့် ရံဖန်ရံခါ ခြိမ်းခြောက်သော်လည်းဂိုးမရရှိပေ။ ဒုတိယပိုင်းတွင် အိုဝင်၊ စခိုးစ်နှင့် အီဗရာတို့အစား ဘာဘာတော့ဗ်၊ ဂစ်ဆင်နှင့် ဖာဘီယိုတို့ကို ထည့်သွင်းကစားခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ၈၂ မိနစ် အရာက်တွင် ရွန်နီက ဒုတိယဂိုးကိုသွင်းပေးခဲ့သည်။ ထို့နောက် ၈၆မိနစ်အရောက်တွင် နာနီ ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ရွန်နီ ခေါင်းတိုက်ကာ တတိယ ဟက်တရစ်ဂိုးရယူသွားသည်။ ထို့နောက် ရွန်နီကပဲ နာကျင်အချိန်ပို ၃မိနစ်တွင် ဘာဘာတော့ဗ် ကန်တင်ပေးလိုက်သောဘောလုံးကို နောက်ခံလူများနှင့် ကြားမှ ကန်သွင်းယူလိုက်သောကြောင့် နောက်ဆုံးတွင် မန်ယူအသင်း ၄ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။

မကြည့်လိုက်ရတဲ့သူတွေအတွက် ဟိုင်းလိုက်တင်ပေးလိုက်ပါတယ်။



နေတိုက်ရှိန်း

ချစ်နှောင်ကြိုး မြဲနိုင်ပါ့မလား


ဂျီတော့မှာ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ လင့်ခ်လေးကိုသွားကြည့်လိုက်တာ အချစ်နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ ဖတ်ရပါတယ်။ လူငယ်တွေအတွက် ခိုင်မြဲတဲ့ အချစ်မျိုးရနိုင်မလား၊ ဘယ်လိုအချစ်က လက်တွဲမဖြုတ်မဲ့အချစ်မျိုးလည်း၊ ရေရှည်လက်တွဲဖို့ဘာတွေလိုမလဲဆိုတာလေးတွေရေးပေးထားတာပါ။ အချစ်နဲ့ အဆင်ပြေနေကြတဲ့သူငယ်ချင်းတွေကော၊ အချစ်ခါးခါးနဲ့ ကြုံနေရတဲ့သူငယ်ချင်းတွေအတွက်ကော၊ အချစ်ကို ရှာဖွေနေဆဲ အင်ဒီယာနာဂျုန်းလို သူငယ်ချင်းတွေအတွက်ကော ရည်ရွယ်ပြီး ဒီပို့စ်လေးကို ဘာသာပြန်လိုက်ပါတယ်။

ဒါအချစ်တဲ့လား …

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။ တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှုတွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင်ဖြစ်ရတတ်ပါသတဲ့။

အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ …

အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ အဲလို မခံစားရဘူးလား။ ဒါဆိုရင်တော့ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက် ၇ချက်ရှိရဲ့လားလို့စဉ်းစားကြည့်ပါ။

၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect)

ကိုယ်က တစ်ခုခုကို လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်လေးစားချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ အားနည်းချက်၊ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်းအကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါသတဲ့။


၂။ ယုံကြည်မှု (Trust)

ဥပမာ - ကိုယ့်ချစ်သူက ကိုယ်တခြား ကောင်လေး/ကောင်မလေး တွေနဲ့ စကားပြောတဲ့အခါတို့ ဘာတို့မှာ ကိုယ်ကသူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာက ပြဿနာမဟုတ်ပေမယ့် အဲလိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက ဘယ်လိုတုန့်ပြန်သလဲဆိုတာကအရေးကြီးတာပါ။ ခိုင်မြဲတဲ့အချစ်မှာ ယုံကြည်မှုကအရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို အမြဲ သဝန်တိုပြီး “ နင့်ကို ယုံလိုက်မယ် တောထဲမှာ ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက မဖြောင့်ဖြူးနိုင်ပါဘူး။


၃။ ရိုးသားမှု (Honesty)

ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ အမြဲဆက်စပ်နေပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ ယုံကြည်မှုပျောက်လာတတ်တာ သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆိုပါစို့။ နောက်တစ်ခါ သူက အဲလိုပြောလာရင် ကိုယ်က သူ့ကို ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့ တည်ဆောက်ထားတာပါ။


၎။ အားပေးမှု (Support)

အားပေးတယ်ဆိုတာကလည်း စိတ်ဓာတ်ကျနေချိန်မှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေးမှာအမြဲတမ်းရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို အချစ်ကလည်း အမြဲခိုင်မာနေမှာအမှန်ပဲ။


၅။ မျှတမှု (Fairness/Equality)

ကိုယ့်ချစ်သူကို ကိုယ်ကပဲအမြဲပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ ကိုယ့်ချစ်သူကို အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် ရန်ဖြစ်တတ်တာက အတ္တတွေကိုရှေ့တန်းတင်ပြီး ကိုယ်ကပဲ နိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလို ချစ်တဲ့ချစ်ပုံပြင်တွေကကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်းကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် သူ့ဖက်ကိုယ့်ဖက် မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။


၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities)

ကိုယ့်ချစ်သူနဲ့အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့ အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို မနေရဘဲ သူ့အကြိုက်အမြဲလိုက်နေရတာ ပင်ပန်းပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည်တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။


၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication)

တခါတရံ လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ ချစ်ကြိုးသွယ်တဲ့အခါ ပြဿနာမျိုးစုံတတ်တတ်ပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီးမျိုသိပ်ထားတတ်ကြလို့ပါ။ တကယ်လို့သာ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းသာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှုလွဲမှာမဟုတ်ပါဘူး။ သူမကြားချင်တဲ့စကားဖြစ်မှာစိုးလို့မပြောဘဲ မျိုသိပ်ထားတာမျိုးက ခိုင်မြဲတဲ့အချစ်ဖြစ်မလာနိုင်စေပါဘူး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီအချက် ၇ချက်က အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation တွေပါပဲ။ တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ် ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။

နေတိုက်ရှိန်း ကောက်နုတ်ဘာသာပြန်ကာ လျှာရှည် ရေးထားသည်။

ဟေတီငလျင်ဒဏ်ကြောင့် လူပေါင်း ၁၁၀ ၀၀၀ ကျော်သေဆုံး


ဟေတီနိုင်ငံတွင်ပြီးခဲ့တဲ့ အပတ်ကလှုပ်သွားသော အင်အား ၇.၀ ရှိ မြေငလျင်ဒဏ်ကြောင့် လူအသက်ပေါင်း ၁၁၀ ၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟုသိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အတည်ပြုပြောကြားချက်အရ သေဆုံးသူစုစုပေါင်း ၁၁၁ ၄၈၁ ယောက်ရှိပြီဟုသိရပါသည်။

ယခု ဟေတီငလျင်သည် ၂၀၀၄ ခုနှစ် ဆူနာမီနောက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးမှုအများဆုံး ကြုံတွေ့ရသော ကပ်ဘေးတစ်ခုဖြစ်သည်။ သေဆုံးသူများရုံသာမက အသက်ရှင်ကျန်ရစ်သူပေါင်း ၆ သိန်းကျော်သည်လည်း လက်ရှိတွင် အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်းသိရပါသည်။

ဟေတီနိုင်ငံရှိ ဒုက္ခသည်များကို ကမ္ဘာတစ်ဝှမ်းလုံးမှ ကူညီထောက်ပံမှုများပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။

နေတိုက်ရှိန်း ကောက်နုတ်ဘာသာပြန်သည်။

Source: CNN News

Saturday, January 23, 2010

သြစတေးလျ တက္ကသိုလ်များ . . . အပိုင်း (၄)



သြဇီကျောင်းတွေအကြောင်း ဆက်ပြောပါမယ်။ ရှေ့ကပို့စ်တွေမှာ ဘယ်ကျောင်းတွေရှိလဲဆိုတာပြောပြပြီးပါပြီ။ အခုတစ်ခေါက် ဘယ်ကျောင်းတွေ လျှောက်ရင်ကောင်းမလဲဆိုတာပြောပြပါမယ်။

သြဇီတက္ကသိုလ်တွေထဲမှာ Group of Eight (Go8) ဆိုပြီးကျောင်း ၈ ကျောင်းရှိပါတယ်။

အဲဒီကျောင်းတွေကို ကမ္ဘာ့အဆင့်အလိုက် စီလိုက်မယ်ဆိုရင် -
1. Australian National University (ANU) - Canberra (World Rank - 17)
2. University of Sydney - Sydney (World Rank - 36)
2. University of Melbourne - Melbourne (World Rank - 36)
4. University of Queensland (UQ) - Brisbane (World Rank - 41)
5. Monash University - Melbourne (World Rank - 45)
6. University of New South Wales (UNSW) - Sydney (World Rank - 47)
7. University of Adelaide - Adelaide (World Rank - 81)
8. University of Western Australia (UWA) - Perth (World Rank - 84)
တို့ဖြစ်ကြပါတယ်။

ဖြစ်နိုင်ရင် အထက်မှာ ဖော်ပြထားတဲ့ တက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ လျှောက်စေချင်ပါတယ်။ တခြားတက္ကသိုလ်တွေထက်ပိုကောင်းလို့ပါ။ ယခု ကျောင်း ၈ ကျောင်းသာ ကမ္ဘာ့အဆင့် ၁၀၀ အတွင်းဝင်တာဖြစ်ပါတယ်။ အဆင့်မြင့်သလို သင်ကြားမှုပိုင်းကော Facilities ကော စုံစုံလင်လင် ထောက်ပံပေးနိုင်တဲ့ကျောင်းတွေပါ။ ဝင်ခွင့်ရဖို့ကတော့ နည်းနည်းခက်ခဲပါမယ်။ ဒါပေမယ့် နိုင်ငံတကာအသိမှတ်ပြု ဘွဲ့တွေကို ရနိုင်ဖို့ အခွင့်အလမ်းရှိတဲ့ကျောင်းတွေပါ။

ဒါပေမယ့် အကယ်လို့ ဒီကျောင်း ၈ ကျောင်းဝင်ခွင့်ရဖို့ ခက်ခဲခဲ့မယ်ဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တာကောင်းပါတယ်။ တခြားကျောင်းတွေလည်း သင်ကြားမှု မဆိုးနိုင်ပါဘူး။ တစ်ချို့နေရာတွေမှာ အဆင့်မြင့်တဲ့ကျောင်းတွေထက်တောင်ပိုပြီးသင်ကြားမှုကောင်းတတ်တာရှိပါတယ်။ ပြီးတော့ သတိပြုရမယ့် နောက်တစ်ချက်က ကိုယ်ယူမယ့်ဘာသာရပ်က ကိုယ်တက်မယ့်ကျောင်းမှာ သေသေချာချာ သင်ကြားခြင်းရှိမရှိလေ့လာဖို့ပါ။ ဥပမာဆိုရင် တစ်ချို့ကျောင်းကြီးတွေက ကမ္ဘာ့အဆင့်မှာသာမြင့်တာ ဘာသာရပ်တစ်ခုခု ( E.g. Engineering ) ကို ကောင်းကောင်းသင်ပေးနိုင်တဲ့ course တွေမရှိတတ်ပါဘူး။ သူတို့ထက် Technology ကို အထူးပြုထားတဲ့ တက္ကသိုလ်တွေက Engineering ကိုပိုပြီး ကောင်းအောင်သင်ပြပေးနိုင်ပါတယ်။ ထို့ကြောင့် ကျောင်းလျှောက်တော့မယ်ဆိုရင် ကိုယ်တက်မယ့်ကျောင်းနဲ့ ကိုယ်ယူမယ့်ဘာသာရပ်ကို အထူးသတိပြုလေ့လာပြီးမှ လျှောက်သင့်ပါတယ်။ မဟုတ်ရင် စတက်တော့မှ ကမောက်ကမတွေဖြစ်လာတတ်ပါတယ်။

တစ်ခုရှိတာက သြဇီကျောင်းတွေမှာ သင်တဲ့ဘာသာရပ်တွေကတော်တော်များများ တက္ကသိုလ်တစ်ခုနဲ့တစ်ခု တူကြပါတယ်။ ဒါကြောင့်မလို့ ကျောင်းပြောင်းကျောင်းရွှေ့လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ပိုကောင်းတဲ့ကျောင်းကို ပြောင်းချင်ရင် အမှတ်ကောင်းကောင်း ပြပြီးမှ ပြောင်းခွင့်ရနိုင်မှာပါ။

ထို့အပြင် ကိုယ်ဘယ် ဘာသာရပ်ကို အားသန်သလဲဆိုတာအရေးကြီးပါတယ်။ ကိုယ်တစ်ကယ် စိတ်ပါလက်ပါနဲ့ ကောင်းကောင်းစာလုပ်နိုင်မယ့် ဘာသာမျိုးကိုရွေးချယ်သင့်ပါတယ်။ ဥပမာ သင်္ချာဘာသာရပ်ကို စိတ်ပါလက်ပါမရှိဘဲနဲ့ Engineering ကိုတက်ဖို့ တော်တော်လေးကို စဉ်းစားယူပါ။ မဖြစ်နိုင်ဘူးဆိုတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် ဘာသာရပ် ပိုခက်ခဲလာတာတို့ ပိုပြီး တောင်းဆိုမှုတွေများလာတာတို့ဆိုရင် စိတ်ဓာတ်ကျစရာတွေဖြစ်လာနိုင်တာကြောင့်ပါ။ အကယ်လို့သာ ကိုယ်ကိုယ်တိုင် စိတ်ဝင်စားတယ်ဆိုရင်တော့ ကြိုးစားပြီးသာ လုပ်ပါ။ မြန်မာလူမျိုးများဟာ ကြိုးစားရင်မည်သည့်နေရာမှာမဆို သူများထက်တော်ပြီးသားပါ။

အခုအချိန်အထိတော့ တက္ကသိုလ်တွေ အကြောင်းကို ဒီလောက်ပဲပြောပြထားပါဦးမယ်။ နောက်ပိုင်းမှာ သြဇီကျောင်းသားဘဝကို ပြောပြပါမယ်။ သြဇီမှာ ဘယ်လိုနေလဲ၊ ဘာတွေရှိလဲ၊ ဘာတွေ ကွာလဲ ဆိုပြီးမေးတတ်တဲ့ သူငယ်ချင်းတွေအတွက်ပါ။

နေတိုက်ရှိန်း

ပြောပြမယ် ထူးထူးဆန်းဆန်း (၃)

ထူးထူးဆန်းဆန်းလေး ရှာတွေတာတွေကိုတင်ပေးလိုက်ပါတယ်။ ဗဟုသုတ တိုးတာပေါ့။


၁။ တစ်နေ့တစ်နေ့ကို အီးမေးလ် ဘီလျံပေါင်း ၁၆၀ ပို့ကြတယ်တဲ့။ အဲဒီအထဲမှာ ၉၇ % က Spam အီးမေးတွေဖြစ်ပါတယ်တဲ့။

၂။ လူပေါင်း ၁.၈ ဘီလျံခန့် က အင်တာနက်ကို သုံးစွဲကြပြီး အဲထဲကမှ သန်း ၄၅၀က အင်္ဂလိပ်စကားပြောသူတွေပါ။

၃။ အာဖရိကဆင်တွေက အစာစားဖို့ သွား လေးချောင်းပဲပါသတဲ့။

၎။ ဒိန်းမတ်နိုင်ငံမှာ နေထိုင်တဲ့လူဦးရေထက် ဝက်ကောင်ရေက နှစ်ဆပိုများတယ်တဲ့။

၅။ ကမ္ဘာပေါ်မှာ အနှေးဆုံးငါးက ရေနဂါးဖြစ်ပြီး တစ်နာရီကို ၀.၀၁ မိုင်နှုန်းသာ ရွေ့ပါသတဲ့။

၆။ ဝေလငါးပြာတွေရဲ့ နှလုံးအရွယ်အစားက ကားအသေးစားအရွယ်လောက်ရှိသတဲ့။

၇။ ကုလားအုတ်တွေ စိတ်ဆိုးရင် လူတွေကို တံတွေးနဲ့ ထွေးပါသတဲ့။

၈။ မီလျံနာ ချမ်းသာသူတွေ ရဲ့ ၈၀ % က တစ်ပတ်ရစ်ကားတွေကို စီးပါသတဲ့။

၉။ တရုတ်နိုင်ငံမှာ တီဗီအရေအတွက်အများဆုံးတဲ့။ အလုံးပေါင်း သန်း ၃၀၀ ရှိသတဲ့။

၁၀။ အိုက်စလန်နိုင်ငံမှာ စစ်တပ်မရှိသလို စစ်ရေးအတွက်သုံးစွဲမှုလည်းမရှိဘူးတဲ့။


နေတိုက်ရှိန်းကူးယူဘာသာပြန်သည်။

Source: didyouknow.org

ရှာဖွေလေ တွေ့ရှိလေ . . . (၁)

အားနေတာမို့ သိချင်တဲ့ အကြောင်းလေးတွေလိုက်ဖတ်ရင်း စိတ်ဝင်စားစရာလေးတွေတွေ့လို့ တင်ပေးလိုက်ပါတယ်။ ထူးထူးဆန်းဆန်းလေးတွေပါ။ ဗဟုသုတရတာပေါ့။ ရှာဖွေတွေ့ရှိတာတွေကတော့ -

ဟမ်ဘာဂါ (Hamburger) လို့ခေါ်သော်လည်း ဘာလို့ ဝက်ပေါင်သား (Ham) မပါသလဲ ?

တကယ်တော့ Hamburger ဆိုတာ ဂျာမန်မြို့ ဟမ်းဘာ့ဂ် (Hamburg) ကိုအစွဲပြုပြီးဖြစ်လာတဲ့ စကားလုံးပါ။ ဂျာမနီနိုင်ငံက ဂျာမန်လူမျိုးများ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ရာကနေ အမေရိကန်ယဉ်ကျေးမှုထဲကိုပါ ကူးစက်လာတဲ့ အစားအစာတစ်မျိုးပါ။ ထို့ကြောင့် ဟမ်ဘာဂါအများစုက ဝက်ပေါင်သား(Ham) မပါဘဲ အမဲသားကိုသာအသုံးပြုပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။

စားချင်စရာ -


ဘာလို့ Hotdog လို့ခေါ်ကြသလဲ ?

Hotdog လို့ ထူးထူးဆန်းဆန်းဘယ်ကပေါ်လာလည်းပြောရရင် ဂျာမနီနိုင်ငံကိုပဲ စပြောရမှာဖြစ်ပါတယ်။ Hotdog ထဲမှာပါတဲ့ ဝက်အူချောင်း ကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ မှ Dachshund ခွေးပိုင်ရှင် အသားဆိုင်ပိုင်ရှင်တစ်ယောက်က Dachshund Sausage လို့ခေါ်ရာက စခဲ့တဲ့ဇာတ်လမ်းပါ။ Dachshund ခွေးဆိုတာ ရှည်မျောမျော ခွေးပါ။ အဲဒါကြောင့်မလို့ ဝက်အူချောင်းကို Dachshund Sausage လို့ခေါ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ၁၈၇၁ မှာ အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့နေထိုင်နေတဲ့ ဂျာမန်လူမျိုး Charles Feltman ကနေစပြီး Dachshund Sausage ကို စပြီး Hotdog Stand နဲ့ရောင်းပါတယ်။ အဲနောက်ပိုင်း ဝက်အူချောင်းကို ပေါင်မုန့်ကြားညှပ်တာပေါ်လာပြီး Hotdog ဆိုပြီးဖြစ်လာတာပါ။ ဂျာမန်နိုင်ငံ Frankfurt မြို့ကစတာမလို့ Frankfurter လို့လဲခေါ်ကြပါသတဲ့။

ဟောဒီလိုပါ -


ဒီလိုမဟုတ်ဘူးနော် -



ဒီကောင်လေးကို Dachshund လို့ခေါ်ပါတယ်။ သူ့ပုံနဲ့တူလို့ ဝက်အူချောင်းက Dachshund Sausage လို့ဖြစ်သွားတာပါ -



April Fool ဘယ်လိုဖြစ်လာသလဲ ?

April Fool နေ့က ပြင်သစ်နိုင်ငံ ၁၅၆၂ခုနှစ်ခန့်မှာ ပုပ်ရဟန်းမင်းကြီး Gregory XIII က Julian Calender ကို ယခုသုံးနေတဲ့ Gregorian Calendar နဲ့ အစားထိုးရာကနေဖြစ်လာတာဖြစ်ပါတယ်။ Gregorian Calendar ကိုစသုံးတဲ့ရက်က Julian Calendar ရဲ့ April 1 ပါ။ ထိုရက်ကို ပုပ်ရဟန်းမင်းကြီးရဲ့ Gregorian Calendar ရဲ့ January 1 နဲ့အစားထိုးလိုက်ပါသတဲ့။ အဲဒါကို တစ်ချို့လူတွေက ရက်ပြောင်းတာကို မသိဘဲ ကြောင်တောင်တောင်ဖြစ်နေပါသတဲ့။ နှစ်သစ်ပွဲ ကျင်းပရမယ့်အချိန်ဖြစ်နေပေမယ့် အဲအချိန်ကို ဧပြီလလို့ပဲထင်နေကြလို့ပါ။ အဲလိုလူတွေကို တခြားသူတွေက April Fools လို့နောက်ပြောင်ခေါ်ရင်း နဲ့ April Fool Day ဆိုတာဖြစ်လာတာပါ။



နေတိုက်ရှိန်း ရှာဖွေဘာသာပြန်သည်။

Source: didyouknow.org

ဟာသ (၅)

ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှ ပျင်းနေရင် ဖတ်ဖို့ ဟာသလေးတွေထက်တင်ပေးလိုက်ပါတယ်။

၁။
“ မေမေ့ မွေးနေ့မှာ သားကဘာပေးမယ်ထင်သလဲ ”

“ ပြောပါဦး ”

“ ရေနွေးခရား ”

“ မေမေ့မှာ ရေနွေးခရားရှိပါတယ်သားရဲ့ ”

“ မေမေ့ ခရားလေးက ခုနက သားလုပ်လိုက်လို့ ကျကွဲသွားပြီ မေမေ ”


၂။
“ သား ဘာလို့ငိုနေတာလဲ ”

“ ဆရာက သားမလုပ်နိုင်တာတွေ လုပ်ခိုင်းလို့ပါမေမေ ”

“ ဘာတွေလုပ်ခိုင်းလို့လဲသား ”

“ အိမ်စာတွေပါ ”


၃။
“ မှင်အိုးက အရမ်းဈေးကြီးလို့လားဖေဖေ ”

“ ဘာဖြစ်လို့လဲ သား ရဲ့ ”

“ ခုနက သားကြောင့် ကော်ဇောပေါ်မှောက်သွားတာကို မေမေ အရမ်းစိတ်ဆိုးနေလို့ပါ ”


၎။
ပန်းသီးအကြီးတစ်လုံး၊ အသေးတစ်လုံးကို ညီအစ်မနှစ်ယောက်ခွဲဝေစားဖို့ ပေးရာ အမကြီးက ကြီးတာယူပြီး အငယ်ကို ပန်းသီးအသေးကိုပေးလိုက်တယ်။

ဒီတော့ ညီမဖြစ်သူက မကျေမနပ်ဖြင့် -

“ ငါ့ကို ဝေပေးခိုင်းရင် ငါကသေးတာကိုယူပြီး ကြီးတာကို နင့်ကိုပေးမှာ ”

ထိုအခါ အမဖြစ်သူက -

“ အေးလေ။ အခုငါဝေတာကလည်း နင်ဝေချင်သလိုပဲမဟုတ်လားလို့ ”


၅။
အဖေဖြစ်သူက သားရဲ့ ပညာရေးမှတ်တမ်းကို ဖတ်ကြည့်နေတယ် -

“ သင်္ချာ ညံ့၊ အင်္ဂလိပ်စာ မလိုက်နိုင်ဘူး၊ မြန်မာစာ - လိုသေးတယ်၊ အထွေထွေ - အားမရ။ ဟေ့ကောင် မင်းမှာကောင်းတာဘာရှိသေးလို့လဲ ”

“ ဆက်ဖတ်ကြည့်ပါ ဖေဖေ ”

“ ကျန်းမာရေး - ကောင်း ”

တလွဲတချော် အဆိုအမိန့်များ


ရှေ့ကပို့စ်တစ်ခုမှာ မှတ်မှတ်သားသားထားသင့်တဲ့ အဆိုအမိန့်တွေကိုရေးပေးခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ တလွဲတချော် အဆိုအမိန့် တွေကို ပြောပြပါမယ်။

တစ်ချိန်တစ်ခါတုန်းက ကျွမ်းကျင်သူတွေကသူတို့ ခေတ်ခါမှာ ပြောခဲ့ကြတဲ့ အဆိုအမိန့်တွေပါ။ အခုအခါ ဒီအဆိုအမိန့်တွေ ဘယ်လောက်လွဲနေသလဲဆိုတာတွေပါလိမ့်မယ်။

Top 10 All-Time Stupid Quotes တွေကတော့ -

10.
There is no reason for any individual to have a computer in their home.
- Kenneth Olsen, President and Founder of Digital Equipment Corporation, in 1977

အခုအချိန်မှာတော့ ကွန်ပျူတာတွေက လူတိုင်းအတွက် မရှိမဖြစ်လိုအပ်နေပါပြီ။

9.
Airplanes are interesting toys but of no military value.
- Marshal Ferdinand Foch, French Military Strategist and Future World War I Commander, in 1911

စစ်ဆင်ရေးမှာ တိုက်လေယာဉ်တွေက အရမ်းကို အရေးပါသောခေတ်ကြီးရောက်နေပါသည်။

8.
[Man will never reach the moon] regardless of all future scientific advances.
- Dr. Lee De Forest, Inventor of the Audion Tube and Father of Radio, in 1967

၁၉၆၉ ခုနှစ်မှာ လပေါ်ကို လူတွေအရောက်သွားပြနိုင်ခဲ့ပါတယ်။

7.
[Television] won't be able to hold on to any market it captures after the first six month. People will soon get tired of staring a plywood box every night.
- Darryl F. Zanuck, Head of 20th Century-Fox, in 1946

အခုတော့ တီဗီကြည့်လိုက်ကြတာများ ကိုရီးယားကားတွေလာရင် ထဖို့မနည်းခေါ်နေရတဲ့ ခေတ်ပါလားနော်။

6.
We don't like their sound. Groups of guitars are on the way out.
- Decca Records rejecting The Beatles, in 1962

ဘီတဲလ်အဖွဲ့ အဲဒီ ၁၉၆၂ နှစ်ကုန်ပိုင်းမှာပဲ စကျော်ကြားလာသည်။

5.
For the majority of people, the use of tobacco has a beneficial effect.
- Dr. Ian G. Macdonald, Los Angles Surgeon, in 1969

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။

4.
This 'Telephone' has too many shortcomings to be seriously considered as a mean of communication. The device is inherently of no value to us.
- Western Union Internal Memo, in 1876

အခုများ ဖုန်းတွေသုံးလိုက်ကျတာဖြင့် 3G 3.5G ခေတ်တွေတောင်ရောက်ကုန်ပြီ။

3.
The earth is the center of the Universe.
- Ptolemy, The Great Egyptian Astronomer, in 2nd Century

နေကို ဗဟိုပြုပြီး ကျန်တဲ့ဂြိုလ်တွေလည်ပတ်တာကို တွေ့ရှိပြီးဖြစ်ပါတယ်။

2.
Nothing of importance happened today.
- Written by King George III of England on JULY 4, 1776

အဲဒီနေ့မှာ အင်္ဂလန်ဆီက အမေရိကန်နိုင်ငံ လွတ်လပ်ရေးရခဲ့ပါတယ်။

1.
Everything that can be invented has been invented.
- Charles H. Duell, U.S. Commissioner of Patents, in 1899

ထွင်တာတွေကုန်ပြီတဲ့ . . . အသစ်အသစ်တွေထွင်လိုက်ကြတာ လိုက်လို့တောင်မမှီနိုင်တဲ့ခေတ်ရောက်နေပါကောလား ...

7 Habits of Highly Effective Teens စာအုပ်မှကောက်နုတ်သည်။ ထို့နောက် အိပ်မရသောကြောင့် ပေါက်တတ်ကရ တစ်ခုခြင်းစီလိုက်ဝေဖန်သည်။

နေတိုက်ရှိန်း

Friday, January 22, 2010

လူအသုံးအများဆုံး Password ၁၀ခု


သတင်းလေးတွေလိုက်ဖတ်ရင်းနဲ့ တွေ့မိတဲ့ အကြောင်းအရာလေးမို့တင်ပေးလိုက်ပါတယ်။ အင်တာနက်ခေတ်ကြီးမှာ Password ဆိုတာ နေရာတကာ အင်တာနက်သုံးတိုင်း အသုံးပြုနေရတာကြီးပါ။ တစ်ချို့ကတော့ ပြီးစလွယ် လွယ်လွယ်ကူကူပဲ password ထားတတ်ပါတယ်။ ကျွန်တော်လည်းအရေးမကြီးတဲ့ အကောင့်တွေကို လွယ်လွယ်ပဲ Password ပေးထားပါတယ်။ အခု လူအသုံးအများဆုံး Password ၁၀ခု ကို rock you ဆိုတဲ့ ဆိုက်ဒ်က hack လုပ်ပြီးရှာဖွေတွေ့ရှိထားခြင်းဖြစ်ပါတယ်။

လူအသုံးအများဆုံး Password ၁၀ခု က တော့ -

1. 123456
2. 12345
3. 123456789
4. Password
5. iloveyou
6. princess
7. rockyou
8. 1234567
9. 12345678
10. abc12

တို့ပဲဖြစ်ပါတယ်။

အကယ်လို့ ဒီစာရင်းထဲမှာ ကိုယ့်ရဲ့အရေးကြီးတဲ့ password ပါနေရင်တော့ ပြောင်းပစ်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်။

နေတိုက်ရှိန်း ရှာဖွေတွေ့ရှိသည်။

Soure: news.com.au

ဆူရှီလုပ်စားကြမယ်


ဒီနေ့ တစ်ခါမှမလုပ်ဖူးတဲ့ ဆူရှီလုပ်စားပါတယ်။ ကိုယ်တိုင်ဆူရှီလုပ်စားချင်တဲ့ သူငယ်ချင်းတွေအတွက် လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။ အလွယ်လုပ်နည်းလေးပါ။

လိုအပ်မယ့် Ingredient တွေကတော့ -

  • 2 cups Japanese sushi rice
  • 6 tablespoons rice wine vinegar
  • 6 sheets nori (dry seaweed)
  • 2 tablespoons wasabi paste
  • 1 avocado, peeled, stone removed and sliced
  • 1 cucumber, peeled and sliced
  • 250g smoked salmon, cut into long strips


ဘယ်လိုလုပ်ရမလဲဆိုတော့ . . .

၁။
ဆူရှီထမင်းကို ၄နာရီခန့်ရေစိမ်ထားပါ။ ထို့နောက် ရေစစ်ပြီး ထမင်းအိုးထဲမှာ ရေ 2 Cups ထည့်ပြီး တည်ပါ။ ထမင်းကျက် ရေခန်းပြီဆိုတာနဲ့ ထမင်းအိုးပိတ်လိုက်ပါ။ ချက်ချင်း ထမင်းပူကို Rice Vinegar နဲ့ နယ်ပါ။ ပြီးရင် ပန်းကန်ပေါ်မှာ နယ်ပြီးသားထမင်းကို ဖြန့်ပြီး အအေးခံပါ။

၂။
ထို့နောက် ရေညှိ တစ်ချပ်ကို ဆူရှီလိပ်တဲ့ ဖျာပေါ်မှာ ခင်းပါ။ ပြီးရင် အေးသွားတဲ့ ထမင်းကို ရေညှိပေါ်မှာ ပါးပါးဖြန့်ခင်းပါ။ လိပ်မယ့် ဖျာရဲ့ အောက်ဖက်နဲ့ အပေါ်ဖက်မှာ ထမင်းမတင်ဘဲ ၂ စင်တီမီတာခန့်ချန်ထားပြီး ထမင်းကို ခင်းပါ။ လိပ်ရင်ပိုပြီးလွယ်အောင်လို့ပါ။

၃။
ံပြီးရင် ထည့်မည့် wasabi ၊ ထောပတ်သီး၊ သခွားသီးနဲ့ smoked salmon တို့ကို ထမင်းဖြန့်ထားတာရဲ့ အလယ်မှာ လိုသလောက်တင်လိုက်ပါ။

၎။
ထို့နောက် ဆူရှီကိုလိပ်လို့ရပါပြီ။ ဆူရှီလိပ်နည်းမှာ အနည်းငယ်ခက်ခဲပါသည်။ အောက်က Youtube ဗီဒီယိုထဲမှာပါသလို လိပ်ကြည့်ပါ။ လုပ်ရင်းလုပ်ရင်းနဲ့ ကျွမ်းကျင်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ စစလိပ်ချင်းမှာ တော်တော်ဒုက္ခရောက်ပါတယ်။ နောက်မှ နည်းနည်းကျွမ်းကျင်သွားပါတယ်။



ဒီလုပ်နည်းလေးက ကျွန်တော် ဟင်းချက်နည်း Website တစ်ခုကသိရတာပါ။ ဒီထက်ကောင်းအောင်လုပ်လို့ရမယ့်နည်းတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ လုပ်စားချင်ရင်တော့ ဒီနည်းလေးက အသုံးဝင်ပါတယ်။ လုပ်ကြည့်ပါ။ စားလို့ကောင်းပါတယ်။

နေတိုက်ရှိန်း

ဟာသ (၄)

ဟာသကြိုက်တဲ့ သူငယ်ချင်းတွေအတွက် ဒီတစ်ခါ ဟာသလေးတွေ များများတင်ပေးလိုက်ပါတယ်။ အရယ်လွန်ပြီး အူတက်သွားရင်တော့ တာဝန်မယူပါ။

၁။
“ ကြက် တစ်ပိဿာဘယ်လောက်လဲ ”

“ ကန်စွန်ရွက်တစ်စီး ဆယ့်ငါးကျပ် ”

“ ကြက်သားဘယ်လောက်လဲလို့မေးတာ ”

“ အဲလိုပဲ ကြက်မေးပြီးတော့ ကန်စွန်းရွက်ပဲ ဝယ်ဝယ်သွားကြလို့ ”


၂။
“ ကျွန်တော့် ဘဝက ဒီအလုပ်ကနေထွက်မှ တိုးတက်မယ်ထင်တယ် ဆရာ ”

“ ဖြစ်နိုင်တယ်။ ဒီအလုပ်ကလည်း မင်းထွက်မှ တိုးတက်မယ်လို့ ငါထင်နေတယ် ”


၃။
“ မွေးကာစ ကလေးတွေမှာ ဘာလို့ သွားမပါလာတာလဲ ”

“ မိခင်နို့ရည်က ဝါးဖို့မှ မလိုဘဲ ”

“ ဒါဖြင့် အသက်ကြီးလာလို့ သွားတွေ ကျိုးတာကကော ”

“ ဘီယာက လည်း ဝါးဖို့မှ မလိုပဲ ”


၎။
ူလူကြီးတစ်ယောက်က လမ်းလျှောက်လာရင်း ကလေးတစ်ယောက် အိမ်တစ်အိမ်လူခေါ်ခေါင်းလောင်းကို မမီတမီ လှမ်းနှိပ်ဖို့ ကြိုးစားနေတာကိုတွေ့ပါသတဲ့။

“ ငါ့တူ၊ ဦးလေးနှိပ်ပေးမယ် ” ဟုပြောပြီး လူကြီးက ခေါင်းလောင်းကို နှိပ်ပေးလိုက်ပါသည်။

ဒီတော့ကလေးက -

“ နှိပ်ပြီးရင် ပြေးကြစို့ ဦးလေး ” ဟုပြောပြီး ထွက်ပြေးပါလေရော။


၅။
ဧည့်သည်ကို ရေနွေးကြမ်းနှင် ဒိန်ခဲ ဧည့်ခံထားတာ။ ဧည့်သည်က စားကောင်းကောင်းနဲ့ စားလိုက်တာ ပန်းကန်ထဲမှာ ကုန်လုနီးနီးဖြစ်သွားတယ်။ အိမ်ရှင်ကလည်း စကားပြောကောင်းကောင်းနဲ့ ဆက်ပြောနေတယ်။ အိမ်ရှင်ရဲ့ကလေးက အခန်းထဲကိုပြေးဝင်သွားပြီး နောက်ထပ်ဒိန်ခဲတွေယူလာကာ ဧည့်သည်၏ ပန်းကန်ထဲသို့ထည့်ပေးလိုက်တယ်။ ဒီအခါ ဧည့်သည်က ဒိန်ခဲကို ယူစားရင်း -

“ လိမ္မာလှချည်လားကွ - ပြောစမ်းပါဦး ဦးဦးစားဖို့ သားက ဒိန်ခဲတွေဘယ်ကယူလာသလဲ ”

“ အခန်းထဲ တဘီတန်းအောက်က ကြွက်ထောင်ခြောက်ထဲကပါ ခင်ဗျ ”


၆။
နယ်လှည့်ဈေးသည်က အရောင်းပစ္စည်းတွေကိုပြသရင်း -

“ အမကြီးတို့ အိမ်အတွက်ဘာများအလိုရှိပါသလဲ ”

အိမ်ရှင်မက စဉ်းစာရင်းဖြေလိုက်သည် -

“ ငွေ ”


၇။
“ ခင်ဗျားတို့ ဆိုင်က ပစ္စည်းခထက် ထမ်းပိုးခထက်ပိုများနေပါလားဗျ ”

“ အခုလို သတိပေးတာကျေးဇူးပါပဲ၊ နောက်နေ့ကစပြီး ပစ္စည်းခက ထမ်းပိုးခထက်ပိုများနေစေရပါ့မယ် ”


၈။
ပြဇာတ်ရုံရှေ့မှာ အမျိုးသမီးကြီးတစ်ယောက်က အပေါက်စောင့်ကိုရိုက်လိုက်လို့ -

“ ဘာလို့ ရိုက်ရတာလဲ ”

“ မိုက်ရိုင်းလို့ပါ။ ကျွန်မဝယ်လာတဲ့လက်မှတ်ကို ယူပြီး ဆွဲဆုတ်ပစ်တယ်လေ။ ”


၉။
ဆရာဝန်က လူနာကိုပြောတယ် -

“ ခင်ဗျား အရက်ဖြတ်ပစ်ပါဆို မဖြတ်ဘူး ”

လူနာက ပြန်ပြောတယ် -

“ ဖြတ်ထားပါတယ် ခင်ဗျာ ”

ထိုအခါ ဆရာဝန်က -

“ မလိမ်ပါနဲ့ ဗျာ။ ခင်ဗျား လာသောက်တိုင်း ကျွန်တော် အတွင်းခန်းထဲက ကြည့်ကြည့်နေတာ ”


၁၀။
“ ခင်ဗျားသိပ်ဝနေပြီ၊ ဂေါက်သီးလေးဘာလေးကစားပါလား ”

“ မရပါဘူးဆရာ။ ကျွန်တော်ကစားကြည့်ပြီးပြီး။ ဂေါက်သီးကို မြင်ရရင် ရိုက်လို့မရဘူး။ ရိုက်လို့ရမယ့်နေရာကိုရွှေ့လိုက်ရင် ဂေါက်သီးကိုမမြင်ရတော့ဘူးဗျ ”

Patapon 2 (PSP) Review


ဂိမ်းလေးတစ်ခု အကြောင်းထပ်ပြောပါဦးမယ်။
အခုကစားနေတဲ့ PSP ဂိမ်းလေးပါ။
Patapon 2 လို့ခေါ်ပါတယ်။

Patapon 2 ဂိမ်းမှာ patapon လို့ခေါ်တဲ့ ထူးထူးဆန်းဆန်းကောင်လေးတွေအတွက် ကိုယ်က God ပုံစံမျိုးနဲ့ ကစားရတာပါ။ သီချင်းသံလေးတွေနားထောင်ပြီး Rhythm မိအောင် ခလုပ်နှိပ်ပြီး Patapon Troop လေးတွေကို အမဲလိုက်တာတို့၊ စစ်တိုက်တာတို့၊ ရန်သူဆရာကြီးတွေနဲ့ချတာတို့ စသဖြင့် ကစားရပါတယ်။ ကစားရတာလွယ်ပေမယ့် Strategy တော့လိုပါတယ်။ ပြီးတော့ Mission တစ်ခုကို တစ်ခါဆော့ပြီးတာနဲ့ ပြီးမသွားပဲ difficulty level မြင့် နဲ့ ထပ်ချရပါတယ်။ Level မြင့်မြင့်ကို နိုင်မှ accessories တွေ၊ weapons တွေ နဲ့ တခြား hidden ပစ္စည်းတွေကိုရှာတွေ့မှာပါ။ တော်တော်ကို ကစားလို့ကောင်းပါတယ်။ စွဲလည်းစွဲပါတယ်။

Patapon 2 ဂိမ်းလေးကို ဒေါင်းလုပ် လုပ်ချင်သူများအတွက် အောက်က လင့်ခ်တွေကနေ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ PSP ရှိတဲ့သူတွေ ကစားကြည့်ဖို့ တိုက်တွန်းပါတယ်။

http://rapidshare.com/files/331146759/Pata2.part1.rar
http://rapidshare.com/files/331156148/Pata2.part2.rar
http://rapidshare.com/files/331165698/Pata2.part3.rar
http://rapidshare.com/files/331173858/Pata2.part4.rar

နောက် ကစားဖြစ်တဲ့ ဂိမ်းတွေအကြောင်းထပ်ပြောပါမယ်။ အခုတော့ သုံးနေကျ ကွန်ပြူတာ မီးကြိုးပျက်နေလို့ ကွန်ပြူတာ ဂိမ်းတွေ မကစားဖြစ်ဘူးဖြစ်နေပါတယ်။

နေတိုက်ရှိန်း

Top Ten - 22 Jan



နိုင်ငံတကာ ရေပန်းအစားဆုံး သီချင်းများကို အပတ်စဉ်တင်ပေးပါမယ်။ Billboard Website က နေ အဆင့် ၁ က နေ ၁၀ အထိရပ်တည်နေတဲ့ သီချင်းတွေကို တင်ပေးပါမယ်။ ဒေါင်းလုပ် လုပ်ပြီးတော့လည်းနားဆင်နိုင်ပါတယ်။

ယခု ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ Top 10 ရပ်တည်နေတဲ့သီချင်းများကတော့ -

1. Tik Tok
- Kesha

2. Bad Romance
- Lady GaGa

3. Empire State of Mind
- Jay-Z featuring Alicia Keys

4. BedRock
- Young Money featuring Lloyd

5. Replay
- Iyaz

6. Sexy Chick
- David Guetta featuring Akon

7. Hey, Soul Sister
- Train

8. Hard
- Rihanna featuring Jeezy

9. Fireflies
- Owl City

10. How Low (Can You Go)
- Ludacris

ဒေါင်းလုပ်လုပ်ပြီး သိမ်းထားချင်ရင် သီချင်းနာမည်ပေါ်ကိုနှိပ်လိုက်ပါ။ အားလုံးဒေါင်းလုပ်လုပ်လို့ရအောင် mediafire နဲ့ တင်ပေးထားပါတယ်။ သီချင်းအားလုံး တပြိုင်နက်ဒေါင်းလုပ်လုပ်ချင်ရင်တော့ အောက်ကလင့်ခ်ကနေ ဒေါင်းလုပ်လုပ်ပါ။

Top Ten - 22 January 2010

ဒေါင်းလုပ်လုပ်လို့ ပြဿနာရှိရင် ကွန်မန့်ထဲမှာ ရေးသွားနိုင်ပါတယ်။

နေတိုက်ရှိန်း