Sunday, January 24, 2010

ကျွန်တော် သစ်ပင်



ကျွန်တော်ဟာ သစ်ပင်တစ်ပင်ဖြစ်ခဲ့မယ်ဆိုရင် …
ကျွန်တော်က ဘယ်လိုသစ်ပင်မျိုးလဲ။ ကိုယ်ကိုယ်တိုင်ကကော ဘယ်လိုသစ်ပင်မျိုးဖြစ်ချင်မိလဲ။

ကျွန်တော်က လူတစ်ယောက်ယောက်ရဲ့ အနားကထွက်သွားလို့မရအောင် အစိုက်ခံထားရတဲ့ အထီးကျန် သစ်ပင်တစ်ပင်လား …
ဒါမှမဟုတ် သစ်တောထဲမှာ အခြားသစ်ပင်တွေနဲ့ ရစ်ပတ်နွယ်ရင်း ရှင်သန်နေတဲ့ သစ်ပင်တစ်ပင်လား …

ကျွန်တော့်ကို ဘယ်လိုလူမျိုးက ပိုင်ဆိုင်မလဲဆိုတာတွေးမိပါရဲ့။ ကျွန်တော့်ပိုင်ရှင်က ကျွန်တော့်ကို ခုတ်လှဲပြီး သူလိုရာသုံးမယ့်သူမျိုးလား …

ကျွန်တော်ကိုယ်တိုင်က သစ်ပင်ဘဝကနေ တခြားပုံစံတွေပြောင်းသွားချင်ရဲ့လား …
လှေတစ်စင်းအဖြစ်နဲ့ နေရာတကာကို ရွက်လွင့်သွားမယ့် ဘဝမျိုးကို လိုချင်မိလား …
ဒါမှမဟုတ် ဗီရိုလေးတစ်လုံးဖြစ်ပြီး ပိုင်ရှင်သိမ်းထားချင်တဲ့ အရာတွေကို သိမ်းဆည်းပေးမယ့် သစ်ပင်တစ်ပင်လား …
သစ်ပင်ကနေ တခြားဘဝကိုရောက်တော့မသွားချင် … လေပြည်လေးတွေ တိုက်ခတ်ရင်း အေးချမ်းရတဲ့ သစ်ပင်ဘဝကိုပဲ လိုချင်မိမှာ အမှန်ပဲ …

ဒါပေမယ့် မုန်တိုင်းတွေ တိုက်ခတ်လာရင်ကော … ရက်စက်မယ့်မုန်တိုင်းအောက်မှာ ကျလဲရမယ့် သစ်ပင်တစ်ပင်လား …
မဖြစ်သေးဘူး … မုန်တိုင်းဒဏ်ခံနိုင်အောင် ကျွန်တော့် အကိုင်းအခက် လက်တွေခြေတွေကို တတ်နိုင်သလောက် ဖြန့်ပစ်လိုက်မယ် … မပြိုလဲပါရစေနဲ့ …
တကယ်တော့ လူတိုင်းအပေါ် အေးချမ်းစေမယ့် သစ်ပင်ကြီးတစ်ပင် ဖြစ်ချင်တာပဲ … ဒီအရိပ်ကိုလည်း အားလုံး နှစ်သက်မှာပဲ …

နေသာတဲ့နေ့တစ်နေ့မှာ ကောင်မလေးတစ်ယောက် ကျွန်တော့်အရိပ်အောက်ကို နားခိုလာတယ် …
ကောင်မလေးရယ် အရိပ်အောက်ကထွက်မသွားပါနဲ့ … နင်ထိုင်နားဖို့  ငါ့အသည်းနှလုံးကို ခုံတန်းလေးလုပ်ပေးထားမယ် …
မိုးတွေရွာလာခဲ့ရင်လည်း နင်ရေမစိုပါဘူး … ငါကာကွယ်ပေးပါ့မယ် …
တကယ်တော့ ကျွန်တော်က အထီးကျန်သစ်ပင်ပါ … ဟိုးအမြင့်က တောင်ကုန်းလေးပေါ်မှာပေါ့ …
အခုတော့ အထီးမကျန်တော့ဘူး … အချစ်အရိပ်အောက်မှာ ကောင်မလေးတစ်ယောက်နားခိုလေရဲ့ …

ဒါပေမယ့် မိုးတိတ်သွားတယ် … ကောင်မလေး ကျွန်တော့်ကို ခွဲခွာတော့မယ် …
မသွားပါနဲ့လို့တားလိုက်ချင်ပါတယ် … ဒါပေမယ့် ကျွန်တော်သစ်ပင် တားဖို့စကားလုံးတွေမရှိ …
ဝေးဝေးလှမ်းသွားတဲ့ ခြေလှမ်းတွေကို ကြည့်ပြီး ငိုမိတယ် … မျက်ရည်သစ်ရွက်ကလေးတွေ မြေခလို့ …
ကျွန်တော် သစ်ပင်ရဲ့ ဒိုင်ယာရီမှာ ရာသီတွေပြောင်းပြောင်းသွားမှာပဲ …
ဒါပေမယ့် ပြန်လာချင်ရင် ပြန်ခဲ့ပါ … ဒီနေရာက မရွေ့ပါဘူး …
ဖြစ်နိုင်ရင် ကောင်မလေးရှိတဲ့နေရာကို အကိုင်းအခက်တွေဖြန့်ပေးလိုက်ချင်တယ် … ကိုယ့် ချစ်ရိပ်မှာပြန် နားခိုပါ …

ကောင်မလေးက သူမပိုင်ဘူးထင်နေပေမယ့် ... ကျွန်တော့်ပိုင်ရှင် သူတစ်ယောက်ထဲ ...
ကျွန်တော်က တစ်စုံတစ်ယောက်အနားကထွက်သွားလို့ မရအောင် စိုက်ခံထားရတဲ့ သစ်ပင်တော့မဟုတ်ဘူး …
ဒါပေမယ့် တစ်စုံတစ်ယောက် အနားလာအောင် စောင့်မျှော်နေရတဲ့ … အထီးကျန် သူ့ရဲ့ အရိပ်ရသစ်ပင်လေး …

စာရေးဆရာမ ဂျူး ၏ “ ကျွန်မ၏သစ်ပင် ” ဝတ္ထုကို ဖတ်ပြီး နေတိုက်ရှိန်း တွေးတောရေးသားပါသည်။

6 comments:

  1. ဝတ္ထုကို ဖတ်ပြီး စဉ်းစားမိတာကို ရေးထားခြင်းဖြစ်ပါတယ် ...

    ပုံပြင်လေးတစ်ပုဒ် ... အကြောင်းအရာလေးတစ်ခုလို တွေးတောဖတ်စေချင်ပါတယ်

    ReplyDelete
  2. aww di lo lai phit tar pai naw...it it is possible i want to b a boat,now i m indeed tree...hoooeeee..:(

    ReplyDelete
  3. ကျွန်တော်အကြိုက်ဆုံးပို့စ်လေးပါ ...

    ဘယ်ကနေဘယ်လိုရေးလိုက်မိတဲ့ စာသားတွေလဲမသိဘူး ...
    ကိုယ့်ဘာသာ ပြန်ဖတ်ရင်း ခံစားမိတယ်

    ReplyDelete
  4. Critic for last para : It's not fair for both the tree n the girl. girl won't b able to like back the tree unless she wants to build a tree house on it. Well we all know wat is happening to the tree obviously, it is suffering from the lack of love from the girl who is ready to leave. (at least the tree will survive with water and sunlight, yay tree lives ^-^, everyone claps and happy coz he's the one suffering) . For girl , why she can't juz live on a tree house or use it as umbrella which could protect from lighting bolts or shade the burning heat from sun?? (she's cruel and dumb not to choose it) well ,... at least tat everyone thinks .. it doesn't have to be true ..

    ReplyDelete
  5. WOW! nice post :D .. kinda feel sorry for the tree though.

    ReplyDelete
  6. တနေ့တော့ ကောင်မလေးပြန်ရောက်လာပြီးပြောတယ် ... သစ်ပင်ရယ်၊ နင့်အရိပ်အောက်မှာခိုနေရတာ ငါ အေးချမ်းပါတယ် ... ဒါပေမယ့် နင့်ကိုပဲမှီခိုပြီး ငါအသက်ရှင်ရမှာမဟုတ်ပဲ ... အရိပ်ဆိုတာ ခဏတာပဲကောင်းတာပါ ... နင့်အရိပ်အောက်မှာ နေရတာ ငါ့အတွက်မဲမှောင်ပါတယ် ... ငါ နေရောင်ခြည် အလင်းတန်းအောက်မှာ ပျော်မွေ့ပါရစေ ... ငါ့ကို ချစ်ရင် နင့်အရိပ်တွေကို သိပ်လွှမ်းမိုးဖို့မကြိုးစားပါနဲ့ဟာ ... မွန်းကျပ်တဲ့ နေရာကို စွန့်ခွာပြီး ငါလှမ်းလျှောက်ပါရစေ ...

    xxxxxxxxxxxxxxxxxxxx

    ဒုတိယပိုင်းလေးရဲ့ အစလေးကို ရေးထားကြည့်တာပါ။ နောက်ထပ် ဒီလိုမျိုးလေးတစ်ခု ထပ်ရေးမလို့ပါ

    ReplyDelete