Sunday, January 24, 2010

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၁)


ကျွန်တော် အခုဆို လျှပ်စစ်အင်ဂျင်နီယာဘွဲ့တက်နေတာ နောက်ဆုံးနှစ်ရောက်နေပါပြီ။ ကျွန်တော်တက်ခဲ့တဲ့ ဘာသာရပ်တွေနဲ့ ကျွန်တော့်အတွေ့အကြုံတွေကို ကျွန်တော့်နောက်မှာ ဘာသာရပ်တူတူတက်နေတဲ့ သူငယ်ချင်းတွေ နဲ့ အင်ဂျင်နီယာဘာသာတက်ချင်တဲ့ သူတွေ သိအောင်၊ အတူတူတက်ခဲ့တဲ့ သူငယ်ချင်း ခြောက်ယောက်အတွက်ကတော့ အမှတ်တရဖြစ်အောင်လို့ စဉ်းစားလို့မှတ်မိသမျှ ပြန်ပြောပြတာဖြစ်ပါတယ်။ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ ခေါင်းစဉ်ပေးထားလို့ ကျွန်တော်အင်ဂျင်နီယာတက်ရတာကို နောင်တရတယ်လို့မထင်စေချင်ပါ။ တစ်ခါတစ်လေ ခက်ခက်ခဲခဲကြုံတွေ့ရရင် ကျွန်တော်အဲလိုလေး ညဉ်းမိလို့ပါ။ သူငယ်ချင်းတို့လည်း တခါတခါ ညဉ်းမိမယ် ထင်ပါရဲ့။

ကျွန်တော် ငယ်ငယ်တုန်းက တော့ အဖေအမေ အင်ဂျင်နီယာ နှစ်ယောက်ကို ကြည့်ပြီး အင်ဂျင်နီယာအရမ်းဖြစ်ချင်ခဲ့တာပေါ့။ ကြီးလာတော့လည်း ဘာတက်မလဲ ဆုံးဖြတ်တော့ လျှပ်စစ် အင်ဂျင်နီယာတဲ့။ ဆယ်တန်းတုန်းက စာကျက်တတ်တဲ့ အကျင့်ရှိလာတော့ အင်ဂျင်နီယာ တက်လည်း လွယ်မယ်ထင်မိတာပေါ့။ စာဆိုတာ ကျက်တတ်ရင်ရမှာပဲလို့ ထင်ခဲ့တယ်လေ။

ဆယ်တန်းပြီးပြီးချင်းကို ပဲ စင်္ကာပူကိုစရောက် PSB မှာ Foundation စတက်တာပေါ့။ အဲဒီမှာတင်စပြီး အင်ဂျင်နီယာဖြစ်ဖို့ ဘာတွေလိုမလဲဆိုတာကို နဖူးတွေ့ ဒူးတွေ့ တွေ့တော့တာပဲ။ ဆယ်တန်းတုန်းက သင်္ချာကို သေချာလုပ်ခဲ့လို့ Foundation Maths မှာ အစပိုင်း လွယ်လွယ်ကူကူလိုက်နိုင်ပေမယ့် Integration စသင်ကော ရွာပတ်တော့တာပဲ။ ဘယ်တုန်းကမှ မလေ့လာဖူးတဲ့ Integration ကြီးကို ရင်ဆိုင်ရတဲ့ အခါ ဆယ်တန်းတုန်းက သင်္ချာဆရာကို ပြန်သတိရမိရဲ့။ ဆယ်တန်းတုန်းက သေသေချာချာ လင်္ကာလေးတွေနဲ့ Differentiation ကို ဆရာက သင်ပေးတုန်းကတော့ လွယ်လွယ်ကူကူနဲ့တတ်ပါရဲ့။ အခုကျတော့ ကိုယ့်ကို မှတ်မိနေစေမယ့် လင်္ကာလေးတွေလည်းမရှိ၊ အစိမ်းသက်သက်ကြီးသင်ရတာဆိုတော့ သင်္ခါရပါပဲ။ သင်တဲ့အခါမှာပဲရတယ်လေ။ အဲအချိန်ကစပြီး သိလိုက်တာတစ်ခုက အင်ဂျင်နီယာဖြစ်ချင်ရင် သင်္ချာပိုင်ရမယ်ဆိုတာပါပဲ။ သင်္ချာကို အလွတ်ကျက်တတ်ရုံနဲ့မရ၊ များများလေ့ကျင့်ဖို့လိုတယ်ဆိုတာကို စသိရတော့တာပါ။ သင်္ချာထက်ပိုဆိုးတာက ရူပဗေဒပါ။ အင်ဂျင်နီယာဖြစ်ချင်ရင် ရူပဗေဒကလည်းအရေးကြီးပါတယ်။ Foundation ရူပဗေဒ ကို စသင်တော့ တော်တော်ခက်တာကို တွေ့ပါတယ်။ သင်တဲ့ဆရာကလည်း မြင့်မြင့်တွေ သင်တော့ မနည်းနားလည်အောင်လိုက်လုပ်ရပါတယ်။ အဲဒီဆရာက အခန်းထဲမှာ အမြဲပုစ္ဆာတွေထွက်တွက်ခိုင်းပါတယ်။ သူတွက်ခိုင်းတဲ့ ပုစ္ဆာတွေက လည်းခက်ခက်တွေချည်းပါပဲ။ အတန်းရှေ့မှာ မတ်တတ်ကြီးရပ်ပြီးတော့ အကြာကြီးကို တွက်ရတဲ့ အကြိမ်ပေါင်းမနည်းကြုံခဲ့ပါတယ်။ သင်တဲ့အချိန်တုန်းကတော့ အဲဒီဆရာကို တော်တော်ကို အမြင်ကတ်ခဲ့ပါတယ်။ ဒါပေမယ့် စာမေးပွဲရောက်တော့မှ တော်တော့်ကို ကျေးဇူးတင်မိသွားတယ်။ သူသင်ပေးတာတွေ များများတွက်ခိုင်းခဲ့တာတွေကြောင့် အခြေခံကောင်းကောင်းရပြီး စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။

အဲအချိန်ကတည်းက စပြီး သတိထားမိလာပါတယ်။ တက္ကသိုလ်ဆိုတာ ဆယ်တန်းလို မဟုတ်ဘူး၊ ဘယ်သူမှ အဆင်သင့် ဘာကျက်ရမယ် ဘာတွက်ရမယ်ဆိုပြီး လာမပေးပါဘူး။ ကိုယ်တိုင်ကြိုးစားမှသာ တကယ်တတ်နိုင်မယ်လို့ စသိခဲ့ပါတယ်။ ပြီးတော့ အင်ဂျင်နီယာ ဖြစ်ချင်ရင် ရူပဗေဒ တတ်ရမယ်။ သင်္ချာကို ကျွမ်းကျင်ရမယ် ဆိုတာကို သိသွားပါတယ်။ Foundation နှစ်ကတော့ ကျွန်တော်စပြီး ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ ညဉ်းမိတဲ့ နှစ်လေးပေါ့။

အောက်ကပုံလေးကတော့ Foundation Year အမှတ်တရလေးပါ။ သင်္ချာဆရာနဲ့ အတူတူရိုက်ထားတာပါ။

4 comments:

  1. ဟွန့် .. သူတို့ Foundation တုန်းကတော့ စက်ရုပ်ကိုင်ရတယ် ...

    ReplyDelete
  2. မကိုင်ရပါဘူး။ အဲဒါ PSB Open Day လုပ်တုန်းကရိုက်ထားတဲ့ ပုံ။

    Foundation တုန်းက Lab လုပ်ရတာတောင် မကောင်းဘူး။ ပစ္စည်းတွေမစုံလို့။

    အဲဒီ Robot တွေက ဘယ်တော့မှ ထုတ်မပေးဘူး။ ဘယ်လိုလုပ်ရလဲ ဆိုတာလဲ မပြောပြဘူး။

    မြန်မာပြည်မှာလို FOR SHOW ONLY ပဲ

    ReplyDelete
  3. exactly ture....now facing wif that problems especially in phy..:(
    phit chin oo hai engineer pop....

    ReplyDelete
  4. နောင်ကြုံမယ့်ဟာတွေပါ ကြိုပြောပြပေးမယ်။ အဲအခါကျလည်းထပ် ညဉ်းပေါ့။ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့

    ReplyDelete