Saturday, January 30, 2010

ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာ . . . (၃)


ဒီတစ်ခါတော့ Programming နဲ့ နပမ်းသတ်ခဲ့ရတဲ့ ကျွန်တော့် အတွေ့အကြုံလေးကိုပြောပြပါ့မယ်။

တက်နေတာက အီလက်ထရစ်ကယ် အင်ဂျင်နီယာဆိုတော့ ဘယ်သူက Programming တွေပါမယ်ထင်မိမလဲ။ စတက်မယ်ဆိုတုန်းက ပြေးမြင်မိတာတွေက ဝါယာကြိုးတွေ မီးကြိုးတွေပါပဲ။ အခုတော့ Programming တွေပါသင်ရမယ်တဲ့။

ကျွန်တော်တို့ အင်ဂျင်နီယာလောင်း တစ်ဖွဲ့စလုံးကို ဂြိုလ်မွှေသွားတဲ့ဘာသာပါပဲ။

စသင်ရတဲ့ Programming ကတော့ Java ပါ။ တကယ်ဆို ဘာဆိုင်လို့လဲဗျာ။ အီလက်ထရစ်ကယ် အင်ဂျင်နီယာတွေကို C, C++ စသင်ပေးရင် ပိုအသုံးဝင်မှာပါ။ အခုတော့ သင်တဲ့ Programming က Java တဲ့။ Java ဆိုရင် ကော်ဖီကိုပဲ သွားသွားပြေးမြင်မိတာအမှန်ပဲ။ အခုတော့ တတ်အောင်လေ့လာရဦးပေမပေါ့။

ဒီလိုနဲ့ စပြီး သင်ပါတယ်။ စင်ကာပူ JCU ကနေ ဆရာတစ်ယောက်ကို ငှားပြီး PSB မှာသင်ပါတယ်။ စစသင်တဲ့ Basic တွေတော့ နားလည်ပါတယ်။ မြန်မာပြည်မှာ နည်းနည်းလေ့လာထားတဲ့ Programming Knowledge လေးက တော်တော်အထောက်အကူပြုပါတယ်။ ဒါပေမယ့် နောက်ပိုင်း သင်တာတွေကို တစ်ခုမှမတတ်ပါ။ Array တွေ Applet တွေလုပ်တာကို သေသေချာချာမတတ်ခဲ့ပါဘူး။ သင်တဲ့ဆရာက လက်ချာစလိုက်တွေကို ဖတ်ပြရုံသာဖြစ်ပြီး တစ်ခါတစ်ခါစာသင်ဖို့ ပြင်ဆင်တာနဲ့တင် လက်ချာချိန်တစ်ဝက်ကုန်တတ်ပါတယ်။ ဒီလိုသင်တော့မှ မတတ်တာလဲ မဆန်းပါဘူး။ ဒီဘာသာမှာ ပရောဂျက် သုံးခုလုပ်ရပါတယ်။ ပထမနှစ်ခုက အခြေခံနည်းနည်းရှိလို့ခံသာပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘယ်လိုမှ မတတ်နိုင်ပါ။ ဘာမှကောင်းကောင်းမတတ်ထားတော့ အခက်ဆုံးတွေ့သောအခါမှာ လက်မြှောက် အရှုံးပေးလိုက်ရပါတယ်။ ဒီလိုမနိုင်တော့ ရန်ကုန်က အစ်မတစ်ယောက်ကို လှမ်းအကူအညီတောင်းရတဲ့ ဘဝကိုရောက်ရပါတော့တယ်။ မြန်မာပြည် ကွန်ပြူတာသင်တန်းတွေတက်ထားတဲ့ အစ်မကတောင် စင်ကာပူ PSB မှာသင်တဲ့ ကျွန်တော်တို့ထက်အများကြီးပိုတတ်ပြီးပိုလုပ်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဘာသာကို အောင်ခဲ့ပါတယ်။

ဒါနဲတင် ဇာတ်လမ်းမဆုံးသေးပါဘူး။ ပရောဂျက်တွေ Plagarism ငြိတယ်ဆိုပြီး warning ပေးပါသေးတယ်။ တစ်တန်းလုံးနီးပါးကိုပါ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် ပထမပရောဂျက်နှစ်ခုကို လုပ်ခဲ့ပေမယ့် ဘာတွေငြိလို့လည်းမသိ။ ခေါ်ပြောခံရပါသေးတယ်။ အခုထိ အဲဒါကို မကျေနပ်နိုင်သေးပါ။

အဲအချိန်ကစပြီး တော်တော်ကိုမှတ်သွားပါတယ်။ အီလက်ထရစ်ကယ် တက်မယ်ဆိုရင် Programming လဲသိရမှာပဲဆိုတာကိုပါ။ နောက်ဆက်တက်တော့လည်း C, C++ တွေသင်ရပါတယ်။ ဒါက ကျွန်တော် ပထမနှစ်တက်နေတုန်းမှာတင် တွေ့ရတဲ့အခက်အခဲတွေပါ။ ဖြစ်ချင်တာတော့ အင်ဂျင်နီယာပါ။ တကယ်ကို တက်တော့မှ ခက်ခဲပါလားဆိုတာသိရပါတယ်။

ဒီလိုပဲ ဖြစ်ချင်ဦးဟဲ့ အင်ဂျင်နီယာလို့ သာ ညဉ်းရင်း . . . ညဉ်းရင်း . . .

3 comments:

  1. ဟုတ်လားဗျ။ ကျွန်တော်က java ကိုသူတို့လို့ သင်တယ်ထင်နေတာ။ သေရော။ အခုတော့ စပြီးတော့ ဖောက်ချင်နေပြီ assignments တွေက။ ဘာတွေဖြစ်အုံးမလည်းမသိဘူး။ အရင် trimester ကလည်း တစ်တန်းလုံး SACO ထိတယ်လေ GENG မှာ။ ကိုနေ ပြောသလိုဆိုရင် ကျွန်တော် တို့ java က မလိုအပ်ဘူးပေါ့။?

    ReplyDelete
  2. ဟင် တစ်ကယ်လား ??? PSB က programming ကောင်းကောင်းမသင်နိုင်ဘူးလား ?? သွားပါပြီ ဒါဆိုရင်တော့
    programmer လုပ်ဖို့ ရည်ရွယ်ပြီး Singapore ကိုထွက်လာခဲ့တာလေ
    ခုတော့ PSb မှာ IT တက်နေတယ်.... ဟင်း ရန်ကုန်တောင်ပြန်ပြေးချင်လာပြီ :(

    ReplyDelete
  3. @moonlight
    အိုင်တီအကြောင်းတော့ ကျွန်တော်မသိဘူးနော်။ Electrical Engineering မှာ Java သင်တာကိုပြောပြတာပါ။ အိုင်တီ နဲ့ ဆရာတွေမတူဘူးနဲ့တူပါတယ်။ ကောင်းရင်ကောင်းမှာပါ။ စိတ်မပျက်ပါနဲ့။

    @ကေသရာဇာ
    Java ကမလိုဘူး။ Programming အခြေခံပဲရတာ။ အီလက်ထရစ်ကယ်အင်ဂျင်နီယာက ဘာ ကွန်ပြူတာဆော့ဖ်ဝဲလ်မှ မရေးရဘူး။ Firmware တွေဘာတွေရေးတတ်ရင်ရပြီ။ အဲတော့ C, C++ သင်တာမှ ပိုပြီးအသုံးဝင်ဦးမယ်။ အခြေခံကိုလည်း အဲဒီကနေလေ့လာပေါ့။ C ကို တော်တော်ကျွမ်းအောင်လုပ်ထားရင် နောက်ပိုင်း PSB မှာ ပိုလွယ်လိမ့်မယ်။ ကြိုလေ့လာထားပေါ့။

    ReplyDelete